တန်ဖိုးကြီးတဲ့ မေမေ့နို့ရည်

Posted on - Jan 9 []

Nora Shinthant

စာရေးသူ
Qt7jhbcbmreb5wdwkmbd

၉၊ ဇန်နဝါရီ၊ ၂၀၁၇

ကလေးဟူသည် ငိုကြမည်သာတည်း။ သူတို့မှ မရယ်တတ်သေးဘဲကိုး။ သဘာဝအရငိုသည်။ ဗိုက်ဆာလျှင်လည်းငိုသည်။ သေးစိုလျှင်လည်းငိုသည်။ အေးလျှင်လည်းငိုသည်။ ကိုးလလုံးလုံးသူတို့ နေခဲ့ရသည့် မေမေတို့ ဗိုက်ထဲနှင့် မတူသောကြောင့်လည်း ငို။ တစ်ခုခု အလိုမကျပါကလည်း ငို။ သူတို့ခမျာ ငိုတာတစ်မျိုးတည်း တတ်သေးလို့ ဖြစ်ပါတယ်။ ဒီလိုငိုနေပြီဆိုတာနဲ့ ဘွားဘွားတို့ မေမေတို့ လုပ်ကြတဲ့အလုပ်က တစ်ခုတည်း …. ပွေ့ချီပြီး ကလေးကို ကြမ်းကြမ်းလှုပ်တာနဲ့ ဖြည်းဖြည်းလှုပ်တာပဲ ကွာပါတယ်။ လှုပ်တော့လှုပ်ကြသည်ချည်း။ ဆရာဝန်ကိုယ်တွေကတော့ ကလေးငိုလေ ကြိုက်လေ ၊ ကျန်းမာ၍ သန်စွမ်း၍သာ အားနှင့် မာန်နှင့် အာပြဲ လျှာပြဲ အော်ငိုနိုင်ကြခြင်းပင်။

Yhfj5mhnqjjubkjlmyfx

ကလေးလေးတွေမွေးနေစဉ် နှင့် မွေးပြီးခါစတိုင်းမှာ မေမေတို့ ရှောင်ရန် နှင့် ဆောင်ရန်တွေကို ကိုယ်တွေက မမေ့မလျော မှာကြားကြမြဲဖြစ်ပါတယ်။ အများကြီးလဲမဟုတ်၊ မိခင်နို့တစ်မျိုးမှ လွဲပြီး အခြားဘာကိုမှ မတိုက်ဖို့နှင့် မေမေတို့ အစားမရှောင်ဘဲ အာဟာရ စုံလင်အောင်စားကြဖို့ပါ။ ဆရာဝန်များကလည်း စာမှာသာတော်ပြီး မှာတာ မှာ ညံ့ပုံရသည်။ နှစ်ခုကလေးသာမှာသည်၊ ထိုနှစ်ခု ကလေး ကိုသာ တလွဲလုပ်ကြတယ်။ မှာနေစဉ်မှာတော့ နားထောင်ပါတယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့……။

မေမေတို့ ဖေဖေတို့ကလည်း ကိုးလလွယ် ဆယ်လမွေး မေ့ရင်သွေးကလေးများကို ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေချင်မည်မှာ အသေအချာ။ ဘိုးဘိုးဘွားဘွား များကလဲ သားအချစ် မြေးအနှစ် ကလေးများကို ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေချင်မည်မှာ မလွဲ။ အဲဒီလိုပဲ မွေးဖွားပေးလိုက်ရတဲ့ OG များကလည်း ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေချင်မည်မှာ ရင်ထဲက အမှန်တရား။ ထိုသားသားမီးမီး များ ကို ကြည့်ရှုစောင့်ရှောက်ပေးကြတဲ့ ကလေးဆရာဝန်များဆိုလျှင်ရော….. ပိုလို့တောင် ကျန်းမာစေချင်တာ အမှန်ပေါ့။

Nr6rm9xofa7wap3kw4rp

ကျန်းကျန်းမာမာနဲ့ မိခင်နို့ကို ပါးကြီးဖောင်းအောင် အားရပါးရ စို့နေသော မေ့ရင်သွေးကလေးအား နို့လှန်တိုက်ရင်း ငုံ့ကြည့် ကြည်နူးနေသော မေမေ ကို မြင်ရတဲ့မြင်ကွင်းနဲ့ ပက်လက်ကလေးလှန်ရင်း သောက်နေသော နို့ဗူးကလေးကို ကိုင်ထားရင်း ငုံ့ကြည့်ကြည်နူးနေရသော မြင်ကွင်း ဘယ်မြင်ကွင်းက သဘာဝပိုကျ ပိုလှမည်လဲ ဆိုတာကို အကြာကြီး စဉ်းစားနေစရာလိုမှာ မဟုတ်ပါ။ ဒီလို မိခင်နို့ အောင်အောင်မြင်မြင် တိုက်ကျွေးနိုင်ရေးမှာလည်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားနေရန် လိုအပ်သည်မဟုတ်။ မိခင်နို့ များများစားစား ဖောဖောသီသီ မထွက်ခင် မွေးပြီးခါစ နှစ်ရက်ခန့် မှာကြားထားတဲ့အတိုင်း ယုံကြည်လိုက်နာကြဖို့သာ အရေးကြီးပါတယ်။

မွေးဖွားပေး လိုက်သော OG များကို အမောပြေစေနိုင်သော၊ စောင့်ရှောက်ပေးမည့် ကလေး ဆရာဝန်များကို ကျေနပ်စေနိုင်သော၊ ဖေဖေမေမေတို့အတွက် ကြည်နူးပျော်ရွှင် ယုံကြည်စိတ်ချ ရစေနိုင်သော၊ သားသားမီးမီးတို့အတွက် တန်ဖိုး မဖြတ်နိုင်သော၊ ငွေကြေးမည်မျှ ပေးပေး ထပ်တူထပ်မျှ ဝယ်ယူ ၍ မရနိုင်သော မေမေ့ချိုချို ကလေးများကို မေ့ရင်သွေးကလေးများ ကျေကျေနပ်နပ် သောက်သုံးပြီး ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေရေးအတွက် မေမေ၊ ဖေဖေ ဘွားဘွား ကြီးကြီး အိမ်နီးနားချင်းများပါ ဝိုင်းဝန်းကြိုးပမ်းကြစေလိုပါကြောင်း။

မှတ်ချက်။ ။ဒီဇင်ဘာလထုတ် မေ့ရင်သွေးမဂ္ဂဇင်းမှ ဒေါက်တာနှင်းရည်ဦးရဲ့ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါတယ်။

ရွှေကျေး(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။