ဟောလိဝုဒ်ရုပ်ရှင်မှာ ခေါင်းဆောင်နေရာကနေ ပါဝင်မယ့် မင်းသား Kang Dong Won

Posted on - Feb 13 []

Myatsu Nyein

စာရေးသူ

တောင်ကိုရီးယားမင်းသားချော Kang Dong Won ဟာ မကြာခင်မှာ ဟောလိဝုဒ်မှာ ပွဲဦးထွက်ခွင့်ရတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ဟောလိဝုဒ် ပွဲဦးထွက်ဇာတ်ကား Tsunami LA ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ်မှာ ပြသမှာ ဖြစ်ပါတယ်။

Kang Dong Won ဟာ သူ့ရဲ့နောက်ဆုံး ကိုရီးယားရုပ်ရှင်ဇာတ်ကား In Lang ကိုရိုက်ကူးပြီးစီးသွားပါက Tsunami LA ရုပ်ရှင်ကို စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။ Tsunami LA ရုပ်ရှင်ဇာတ်ကားဟာ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ကို တိုက်ခတ်သွားတဲ့ ကြီးမားတဲ့ ဒီရေလှိုင်းတစ်ခုအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Tomb Raider, Con Air အစရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာ Simon West ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ဟာ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖို့ Kang Dong Won ဆီကို ပထမဦးဆုံးရောက်လာခဲ့တာဖြစ်ပြီး နည်းနည်းရှုပ်ထွေးပေမယ့် သူလက်ခံခဲ့တယ်လို့ ဆိုပါတယ်။ တခြား ရုပ်ရှင်တစ်ခုရိုက်ဖို့လည်း ဆွေးနွေးနေဆဲဖြစ်ပေမယ့် Tsunami LA ကို ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်လို့ Kang Dong Won က ပြောပါတယ်။

"Hannibal က ကျွန်တော့်ကို ပထမဦးဆုံး ဇာတ်ညွှန်းကို ပြချိန်မှာ ဇာတ်ညွှန်းက အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်တော်တို့မျိုးဆက်လောက်က လူတွေအတွက် Con Air ဟာ အထူးမှတ်မှတ်ရရဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ နိုင်ငံတကာမှာ ပွဲဦးထွက်ဖို့အတွက် ဟောလီးဝုဒ်မှာ ခေါင်းဆောင်မင်းသားအဖြစ် ပွဲဦးထွက်ခွင့်ရမယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်" လို့ Kang Dong Won က ပြောပါတယ်။

ဟောလိဝုဒ်ပွဲဦးထွက်လည်း ဖြစ်သလို ခေါင်းဆောင်နေရာလည်း ဖြစ်တာကြောင့် သူ့ကိုကမ်းလှမ်းတုန်းက အံ့အားသင့်ပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်လို့ Kang Dong Won က ဆိုပါတယ်။ အဓိကကတော့ ကိုရီးယားရုပ်ရှင်လောကရဲ့ အနာဂတ်ပိုတောက်ပဖို့အတွက် ဟောလိဝုဒ်မှာ သူကောင်းကောင်းလုပ်ပြချင်ပါတယ်လို့ သူ့ဆန္ဒကိုလည်း ပြောပြခဲ့ပါတယ်။

"ကျွန်တော်သာ ရလဒ်ကောင်းကောင်း ရခဲ့ရင် ကိုရီးယားရုပ်ရှင်တွေကိုလည်း ဘတ်ဂျတ်ပိုများများရအောင် ကူညီပေးနိုင်တာပါ။ ဆိုလိုတာက သရုပ်ဆောင်များများ ပါဝင်လာအောင် ဆွဲဆောင်နိုင်လေ ရင်းနှီးမြှုပ်နှံမှုပိုများများ ရလေပါပဲ" လို့ Kang Dong Won က ပြောပါတယ်။

ဒါရိုက်တာ Simon ကိုယ်တိုင်ကလည်း ဟောလိဝုဒ်ပရိသတ်တွေနဲ့ မင်းသား Kang Dong Won ကို မိတ်ဆက်ပေးဖို့အတွက် လက်ရှိအချိန်မှာ စိတ်အလှုပ်ရှားဆုံးဟာ သူပါပဲလို့ ပြောကြားခဲ့ပါတယ်။ မင်းသား Kang Dong Won ဟာ ရုပ်ရှင်ကားထဲမှာ ကိုရီးယားလူမျိုးတစ်ယောက်အဖြစ် ပါဝင်မှာ ဖြစ်ပေမယ့် အင်္ဂလိပ်လိုပဲ ပြောရမှာဖြစ်ပါတယ်။

မင်းသား Kang Dong Won ကို ချစ်တဲ့လူတွေရှိလား ?

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။