အသက်ဘေးမှ သီသီလေးလွတ်ခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ

Posted on - May 20 []

Zue

စာရေးသူ

လူတစ်ယောက်ဟာ သေနေ့ မစေ့သေးရင် ဘယ်လိုအခြေအနေမျိုးနဲ့ပဲ တွေ့ကြုံနေရပါစေ၊ သေကံကို မရောက်ဘူးဆိုတဲ့စကားကို ကြားဖူးကြ၊ ကြုံတွေ့ဖူးကြလိမ့်မယ် ထင်ပါတယ်နော်။ အခုဖော်ပြပေးမယ့် Idol တွေဟာလည်း အသက်ဘေးနဲ့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို တွေ့ကြုံခဲ့ကြရပေမယ့် သီသီလေးလွတ်မြောက်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ဖတ်ရှူကြည့်လိုက်ကြပါဦးနော်။

1. TVXQ Yunho

Yunho ဟာ သူ့ကို မုန်းတဲ့ပရိသတ်တစ်ဦးကပေးတဲ့ အအေးဘူးကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အခြေအနေထိ ဖြစ်ခဲ့ဖူးပါတယ်။ စူပါဂလူးတွေထည့်ထားတဲ့ အအေးဘူးကို တစ်ကြိုက်ထဲသောက်ပစ်လိုက်ပြီးမှ စူပါဂလူးတွေပါဝင်မှန်းသိရတဲ့အတွက် ဆေးရုံကို အမြန်ပြေးကာ အရေးပေါ်ကုသမှုတွေခံယူခဲ့ရတာပါ။ အအေးကို သောက်သောက်ပြီးချင်းမှာ သတိလစ်ချင်သလိုလိုဖြစ်ခဲ့တာကြောင့် ဖြစ်စဉ်အသေးစိတ်ကို သေချာမမှတ်မိပေမယ့် အဖွဲ့ဝင်တွေရဲ့ပြောပြချက်အရတော့ သူဟာ ဆေးရုံသွားတဲ့လမ်းမှာ သွေးတွေအန်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုမျိုးဆိုးဝါးတဲ့အခြေအနေကနေ လွတ်ကင်းခဲ့ပေမယ့် Yunho ဟာ အချိန်အတော်ကြာတဲ့အထိကို လိမ္မော်ရည်ကို မသောက်ရဲခဲ့ဘူးလို့ ဆိုပါတယ်။

2. Noh Hong Chul

Noh Hong Chul ကတော့ ၂၀၀၈ ခုနှစ်လောက်တုန်းက သူ့ရဲ့အိမ်ရှေ့မှာ ရုတ်တရက်အတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တရားခံဟာ သူ့ရဲ့အဖေကို Noh Hong Chul က ရိုက်နှက်အနိုင်ကျင့်တော့မလိုဖြစ်တဲ့ ပုံစံကို TV မှာ မြင်တွေ့ပြီးတော့ စိတ်ထဲမှာ အငြိုးအတေးသဖွယ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ Noh Hong Chul ကတော့ ပြန်လည်လက်စားချေခုခံခြင်းမရှိခဲ့ပါဘူး။ တိုက်ခိုက်ခံရမှုကြောင့် နံရိုးတွေကျိုးခဲ့ပြီး ရဲတွေရောက်လာကာ ထိုတရားခံကို ဖမ်းဆီးခဲ့တဲ့အတွက်ကြောင့်သာ Noh Hong Chul တစ်ယောက် အသက်အန္တရာယ်က ကင်းလွတ်ခဲ့ရတာဖြစ်ပါတယ်။ Noh Hong Chul ဟာ တရားခံကိုလည်း တရားစွဲဆိုခဲ့ခြင်းမရှိပဲ စိတ်ဒဏ်ရာကို ကုစားပေးဖို့ကိုသာ ဆန္ဒပြုခဲ့ပါတယ်။

3. SHINee's Onew

Onew ကတော့ ၂၀၀၉ ခုနှစ်တုန်းက Music Bank မှာ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ မတော်တဆဖြစ်မှုနဲ့ တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ အဲဒီပွဲမှာ စတိတ်မီးဆလိုက်တန်းကြီးတစ်ခုက Onew မတ်တပ်ရပ်နေတဲ့နေရာကို လဲကျလာခဲ့တာကြောင့် Onew လည်း လန့်ပြီး အဲဒီနေရာမှာ မေ့လဲသွားခဲ့ပါတယ်။ ဒါပေမဲ့ Super Junior အဖွဲ့ဝင် Kyuhyun နဲ့ ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းတွေရဲ့ မီးဆလိုက်တန်းကို အလျင်အမြန်ဖမ်းယူမှုလိုက်ကြောင့်သာ အဲဒီမီးဆလိုက်တန်းက Onew အပေါ်ကို ပိမကျခဲ့တာဖြစ်ပါတယ်။ မဟုတ်ရင်တော့ Onew ရဲ့ဘ၀က မတွေးရဲစရာပဲနော်။

4. Super Junior's Kyuhyun

Super Junior ရဲ့ အငယ်ဆုံးအဖွဲ့ဝင် Kyuhyun ရဲ့ အသက်ပြင်းမှုကတော့ တကယ်ကို အံ့အားသင့်စရာပါ။ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအကြီးစားတစ်ခုမှာ Kyuhyun အပါအ၀င် Super Junior ရဲ့ အဖွဲ့ဝင်တစ်ချို့ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ အဲဒီအထဲမှာ Kyuhyun ရဲ့ ထိခိုက်ဒဏ်ရာတွေက အပြင်းထန်ဆုံးဖြစ်ပါတယ်။ သူတို့စီးလာတဲ့ကားက တိမ်းမှောက်သွားတာကြောင့် Kyuhyun က ကားရဲ့အပြင် ၅ မီတာလောက်ကို လွင့်ထွက်သွားတာကြောင့် နံရိုးနဲ့ တင်ပါးဆုံရိုးတွေကျိုးသွားခဲ့ပြီး ခြေထောက်တွေမှာလည်း ပြင်းထန်စွာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဆေးရုံရောက်တော့ ဆရာဝန်တွေက လည်ချောင်းကို ဖောက်ကာခွဲစိတ်မှုပြုလုပ်ရန်လိုအပ်ကြောင်း၊ ခွဲစိတ်ရာမှာလည်း အောင်မြင်နိုင်ချေက ၂၀ ရာခိုင်နှုန်းသာရှိကြောင်းပြောတဲ့အခါမှာ Kyuhyun ကို အဆိုတော်မဖြစ်စေချင်ခဲ့တဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်တွေ ပျက်စီးသွားမှာစိုးတဲ့အတွက် အဆိုပါခွဲစိတ်မှုကို တားမြစ်ခဲ့ပါတယ်။ ဆရာဝန်တွေကလည်း အသက်ထက် မည်သည့်အရာကမှအရေးမကြီးတဲ့အကြောင်းပြောပြီး ဖခင်ဖြစ်သူနဲ့ အချေအတင်ဖြစ်နေတဲ့အခိုက်မှာ ဆရာဝန်တစ်ယောက်က ရောက်လာပြီး Kyuhyun ကို တခြားသောနည်းလမ်းနဲ့ ခွဲစိတ်ပေးလိုကြောင်းပြောကာ Kyuhyun ရဲ့ အသက်နဲ့ အိပ်မက်ကို ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။

5. G.O.D's Son Hoyoung

Son Hoyoung ရဲ့အဖြစ်ကတော့ ရုပ်ရှင်ဆန်လွန်းလှပါတယ်။ ၂၀၁၃ ခုနှစ်လောက်တုန်းက Son Hoyoung ရဲ့ ချစ်သူကောင်မလေးကို သူ့ရဲ့ ကားထဲမှာ သေဆုံးလျှက်တွေ့ရှိခဲ့ရပါတယ်။ အဲဒီမိန်းကလေးက ကားထဲမှာ အဆိပ်ငွေ့ကို ရှူရှိုက်ရင်းနဲ့ သူမကိုယ်သူမ အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ Son Hoyoung က အဲဒီနည်းလမ်းအတိုင်းပြုလုပ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ ကားက မီးလောင်နေတဲ့အချိန်မှာ မူးနောက်နောက်ဖြစ်နေဆဲပဲမို့လို့ သေခြင်းတရားကို ထိတ်လန့်သွားပြီး ကားအပြင်ကို ပြေးထွက်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဆေးရုံမှာ ၁ ပတ်ခန့် ကုသမှုခံယူခဲ့ပါတယ်။ သူဟာ စိတ်ကျရောဂါကို ခံစားနေခဲ့ရပြီး အထီးကျန်နေတဲ့အကြောင်းနဲ့ သူ့ရဲ့ချစ်သူ သေဆုံးသွားမှုကလည်း သူ့ကို အဆုံးစီရင်စေတဲ့အဖြစ်ကို ရောက်ရှိခဲ့တဲ့အကြောင်းကို အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့အခြေအနေက ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး G.O.D နဲ့ ပြန်လည်ပေါင်းစည်းကာ အနုပညာလှုပ်ရှားမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

6. Big Bang's Seungri

Big Bang ရဲ့ Seungri ကတော့ အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာ တစ်ခါမကပါဘူး။ တစ်ခါတုန်းကဆိုရင် Seungri ဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေနေတုန်းမှာ မီးပန်းကပေါက်ပြီး သူ့ရဲ့ မျက်နှာဆီကို လာစင်ပါတယ်။ Seungri က အမြန်ခုန်ပြီးရှောင်လိုက်ပေမယ့် မျက်နှာက မီးစ စင်ပြီးအပူလောင်သွားတာကြောင့် ဆေးရုံကို အမြန်သွားကာ ကုသမှုခံယူခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက Seungri ဟာ မီးပန်းဆိုရင် လန့်သွားခဲ့တာဖြစ်ပါတယ်လို့ ဆိုပါတယ်။ နောက်တစ်ခါကကျတော့ ယာဉ်တိုက်မှုမှာ ပါဝင်ပြီးဒဏ်ရာတွေရရှိခဲ့တာပါ။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အသက်အန္တရာယ်ကို မထိခိုက်ခဲ့ပဲ ဆေးရုံမှာပဲ ကုသမှုခံယူပြီး ပျောက်ကင်းသွားခဲ့ပါတယ်။

7. Lee Min Ho & Jung II Woo

Lee Min Ho နဲ့ Jung II Woo တို့ ၂ ဦးကလည်း အကြီးစားယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့ကြတဲ့သူတွေပါ။ ကားမောင်းသူနဲ့ ခရီးသည်တစ်ယောက်တို့ကတော့ သေဆုံးသွားခဲ့ပြီး Lee Min Ho နဲ့ Jung II Woo တို့ကတော့ ဆေးရုံမှာ ကာလအတန်ကြာ ဆေးကုသမှုတွေခံယူပြီးမှ အသက်ရှင်သန်ခဲ့တဲ့သူတွေပါ။ အခုအချိန်မှာတော့ သူတို့ ၂ ယောက်စလုံးဟာ ပြည်သူ့ဝန်ထမ်းအနေနဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြပါတယ်။


Ref : Koreaboo
Zue Zue Zin (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။