ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းနှစ်သင်းလုံးမှာ ပါဝင်ကစားဖူးကြသူများ

Posted on - Nov 8 []

Vitamin

စာရေးသူ

စပိန်ဘီလူးကြီးနှစ်ကောင်လို့ တင်စားထားကြတဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့လို ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းနှစ်သင်းလုံးမှာ ပါဝင်ကစားဖို့ဆိုတာ ဘောလုံးသမားတိုင်းအတွက်တော့ မဖြစ်နိုင်စရာ အခြေအနေတစ်ခုပါ။ ဒါပေမယ့် ဒီအသင်းနှစ်သင်းလုံးမှာ ပါဝင်ခွင့်ရခဲ့တဲ့ ကစားသမားအချို့လည်း ရှိခဲ့ဖူးပါတယ်။ သူတို့ကတော့…

ရိုနယ်ဒို

ဒိုကြီးလို့ လူသိများကြတဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်းကြီး ရိုနယ်ဒိုပါ။ သူက ဘာစီလိုနာအသင်းမှာ တစ်ရာသီပဲ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းအရမ်းပြခဲ့လို့ အင်တာကနေ ခေါ်ယူခြင်းခံခဲ့ရပါတယ်။ အင်တာကနေတစ်ဆင့် ရီးရဲလ်ကို ပြောင်းလာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာအောင်ပါ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။

လူးဝစ်ဟင်းနရစ်

လက်ရှိစပိန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဟင်းနရစ်ကလည်း ဘာစီမှာရော ရီးရဲလ်မှာပါ ပါဝင်ခဲ့သူပါ။ ကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်ခဲ့တဲ့ ဟင်းနရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ငါးနှစ်တာလောက် ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ ဘာစီလိုနာကို ပြောင်းလာခဲ့ပြီး အောင်မြင်မှုတွေလည်း များစွာရယူနိုင်ခဲ့ပါတယ်။

လူးဝစ်ဖီဂို

ပေါ်တူဂီအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဖီဂိုကတော့ ဘာစီလိုနာကို သစ္စာဖောက်ခဲ့သူလို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။ ဖီဂိုကြောင့် ဒီအသင်းနှစ်သင်းကြားမှာ ကြီးမားပြီး အငြင်းပွားစရာ အပြောင်းအရွှေ့ကြီး ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖီဂိုဟာ ဘောလုံးသမားကောင်းတစ်ယောက်ဖြစ်လို့ ဘာစီမှာရော ရီးရဲလ်မှာ အောင်မြင်မှုတွေကို အထိုက်အလျောက် ရယူနိုင်ခဲ့ပါတယ်။

ဆင်မြူရယ်အီတိုး

အာဖရိကရဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဖြစ်ခဲ့သူ အီတိုးကတော့ သူရဲ့ ကစားသမားဘဝ ပွဲဦးထွက်အသင်းဖြစ်တဲ့ ရီးရဲလ်မှာ ထင်သလောက် ခြေစွမ်းမပြနိုင်လို့ မာယော့ကာကို ပြောင်းရွှေ့လာရင်း ခြေစွမ်းတွေပြလာနိုင်တာကြောင့် ဘာစီကို ထပ်မံပြောင်းခွင့်ရခဲ့ပြီး ဘာစီမှာ အရမ်းကိုတောက်ပခဲ့ပါတယ်ခင်ဗျာ။


Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။