Idol တစ်ယောက်အနေနဲ့ ကြုံတွေ့ရနိုင်တဲ့ နာကျင်စရာအခြေအနေများ

Posted on - Nov 8 []

Zue

စာရေးသူ

လူတွေအတော်များများကတော့ Idol တစ်ယောက်ဖြစ်ရခြင်းဟာ နာမည်ကျော်ကြားခြင်း၊ လူချစ်လူခင်ခံရခြင်း၊ အမြဲတမ်း ကျော့ကျော့မော့မော့နေရခြင်း၊ ငွေကြေးချမ်းသာပြည့်စုံခြင်း အစရှိတဲ့ သာမန်သူတွေမရရှိနိုင်တဲ့အရာတွေကို လွယ်လွယ်လေးရရှိထားတာလို့ ထင်ကောင်းထင်နိုင်ကြပါတယ်။ တကယ်တမ်းမှာတော့ ကင်မရာအရှေ့မှာ ပြုံးပျော်ရယ်မောပြီး သီဆိုကပြနေရတဲ့ Idol တွေရဲ့ ဘ၀ဟာ အများထင်ထားသလို အစဉ်အမြဲချောမွေ့နေတာမဟုတ်ပါဘူး။ တချို့တွေဆိုရင် စိတ်ပင်ပန်း၊ လူပင်ပန်းလွန်းလို့ Idol ဆိုတဲ့ဘ၀ကနေ ရုန်းထွက်ချင်တဲ့သူတွေတောင်ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Idol တစ်ယောက်ဖြစ်ရတဲ့အခာမှာ ရင်ဆိုင်တွေ့ကြုံရတဲ့အခက်အခဲနာကျင်မှူတွေကို မိုမိုလေးရဲ့ ပရိသတ်ကြီးသိရအောင် ဝေမျှပေးလိုက်ပါတယ်နော်။ ဆက်လက်ရှူစားဖတ်ကြည့်လိုက်ကြပါဦး။

၁။ စိတ်ခံစားမှု မလုံခြုံခြင်း။

စိတ်ခံစားမှုမလုံခြုံခြင်းလို့ဆိုရာမှာ အမျိုးမျိုးသောအကြောင်းအရာအပေါ်မှာ မိမိကိုယ်ကို ယုံကြည်မှုမရှိ၊ လုံခြုံမှုမရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ Red Velvet ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Seulgi ဟာဆိုရင် သူမမှာ သီချင်းဆိုနိုင်တဲ့ အရည်အချင်းမရှိဘူးဆိုပြီး သူမကိုယ်သူမ ယုံကြည်ချက်တွေပျောက်ဆုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ SM က သူမကို သီချင်းအဆိုကောင်းတာကြောင့် ရွေးချယ်ခဲ့ပေမယ့်လည်း Training ၀င်တာချင်းအတူတူ ရွယ်တူ Trainee တွေက သူမထက်အရင်ပွဲထွက်နိုင်ပြီး သူမတစ်ယောက်တည်းသာကျန်ခဲ့ဖူးတာကြောင့် သူမကိုယ်သူမ သီချင်းကို ကောင်းမွန်စွာမသီဆိုနိုင်ဘူးလို့ ထင်ခဲ့မိတယ်လို့ အစီအစဉ်တစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ တခြားအဆိုတော်တွေရဲ့ အဆိုစွမ်းရည်တွေကို မြင်တွေ့နားထောင်မိတဲ့အခါမှာလည်း သူမကိုယ်သူမ လိပ်ပြာမလုံသလိုခံစားမိခဲ့ကြောင်းကို ရင်ဖွင့်ခဲ့ပါသေးတယ်။

၂။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပရိသတ်တွေရဲ့ မသင်္ကာမျက်လုံးနဲ့ စောင့်ကြည့်တာကို ခံရခြင်း။

Idol တစ်ယောက်ရဲ့ ပြုမူလှုပ်ရှားမှု၊ အနေအထိုင်မှန်သမျှကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့စောင့်ကြည့်တယ်ဆိုတာ သိပ်တော့မထူးဆန်းပေမယ့် Wanna One ရဲ့အဖွဲ့ဝင် Kang Daniel ကတော့ Yook Ji Dam နဲ့ ဒိတ်တင်းကောလဟာလထွက်ပြီးကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်ကာ မျက်စိဒေါက်ထောက်စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။ ဒီလိုမယုံမကြည်နဲ့ စောင့်ကြည့်ခြင်းကို သူ့ရဲ့ Anti-fan တွေဆီကရရှိခဲ့ယုံသာမက သူ့ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ပရိသတ်တွေကလည်း သူ့ကို မသင်္ကာတဲ့အကြည့်တွေနဲ့ စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

၃။ မောပန်းမှုတွေကြောင့် မူးမေ့လဲကျခြင်း။

သာမန်လူတွေကတော့ နေထိုင်မကောင်းဖြစ်တဲ့အခါမျိုးမှာ အနားယူနေနိုင်ပေမယ့် Idol တွေအတွက်ကတော့ အနားယူမှုဆိုတာ ရှားပါးလှပါတယ်။ တစ်နှစ်ပတ်လုံးပြည့်နေတဲ့ အလုပ်အချိန်ဇယားတွေကို အေဂျင်စီရဲ့ စီစဉ်မှုနဲ့အတူတူ လုပ်ဆောင်နေရတာ ဖြစ်တာမို့လို့ နေထိုင်မကောင်းဖြစ်တဲ့အခါမျိုးမှာလည်း ခုန်ပေါက်၊ ကခုန်သီဆို ဖျော်ဖြေနေရတာပဲ ဖြစ်ပါတယ်။ BTS အဖွဲ့ဝင် Jungkook ဆိုရင် သူတို့အဖွဲ့ ၂၀၁၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ “Wings” Tour မှာ ကနေရင်းနဲ့ မောပန်းလာလို့ မူးမေ့လဲကျခဲ့တဲ့ပုံရိပ်ဟာ ပရိသတ်တွေအတွက် စိတ်မကောင်းစရာပုံရိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ တချို့ idol တွေဆိုရင်လည်း နေမကောင်းဖြစ်နေတာတောင် ပွဲတွေမှာ ပါဝင်ဖျော်ဖြေရတာမို့လို့ ဖျော်ဖြေနေရင်းတန်းလန်း မူးမေ့လဲကျခဲ့ကြဖူးပါတယ်။

၎။ စိတ်ဆန္ဒမပါတဲ့ အလုပ်တွေကိုလုပ်ရန် အတင်းအဓ္ဓမစေခိုင်းခံရခြင်း။

Produce 101 ရဲ့ ပြိုင်ပွဲဝင်ဖြစ်သူ Kim Sohee ဟာ I.B.I အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး သူမရဲ့ အေဂျင်စီအဟောင်းကနေ သင်တန်းသူအဖြစ်နဲ့ နှူတ်ထွက်ဖို့အတွက် တွေးမိခဲ့ဖူးပါတယ်။ ဒီလိုတွေးမိခဲ့ဖူးတဲ့ အကြောင်းအရင်းကတော့ သူမတို့ရဲ့ မန်နေဂျာဖြစ်သူဟာ သူမတို့နဲ့ အပြင်သွားတဲ့အခါကျရင် သူမကို သူ ကားမောင်းတဲ့ဘေးမှာ ထိုင်ခိုင်းလေ့ရှိပြီး တစ်ခါတုန်းကဆိုရင် "လက်ထပ်ရအောင်" ဆိုပြီးတော့တောင် ပြောခဲ့ဖူးတယ်။ ဒါ့အပြင် သူမတို့ သင်တန်းသူဘ၀နဲ့ရှိနေခဲ့စဉ်အချိန်တုန်းက သူမတို့အေဂျင်စီရဲ့ CEO ဖြစ်သူဟာ သူ ပိုင်ဆိုင်တဲ့အသားကင်ဆိုင်မှာ သူမတို့ကို အချိန်ပိုင်းအလုပ်သမားအဖြစ်နဲ့လုပ်ခိုင်းပြီး သူမတို့ပွဲထွက်ဖို့အတွက် ပိုက်ဆံကိုရှာခိုင်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။

၅။ အေဂျင်စီရဲ့ CEO ဖြစ်သူနဲ့ အငြင်းအခုန်ဖြစ်ရခြင်း။

BIGBANG အဖွဲ့ရဲ့ အသက်​အငယ်​​ဆုံးအဖွဲ့ဝင်​ဖြစ်​သူ Seungri ဟာဆိုရင် ပွဲမထွက်ခင် Trainee ဘ၀ကတည်းကရော BIGBANG အဖွဲ့ဝင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပါ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးကြောင်းကို ဖွင့်ဟပြောပြခဲ့ဖူးပါတယ်။ YG ရဲ့ CEO ဖြစ်သူ Yang Hyun Suk ဟာဆိုရင် Seungri ကို သီချင်းအဆိုမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ BIGBANG အဖွဲ့မှာ ပါဝင်ဖို့ကို ဖြုတ်ချခဲ့ဖူးပေမယ့် Seungri ကတော့ သူရရှိမယ့်နေရာတစ်ခုအတွက် CEO နဲ့ အချေအတင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါတင်မဟုတ်သေးပဲ ပွဲထွက်ပြီး ၃ နှစ်လောက်ကြာတဲ့အချိန်တုန်းကလည်း လူတွေအတော်များများက သူ့ကိုဖယ်ကျဉ်ထားခဲ့ဖူးတာကြောင့် စိတ်မခန့်မသင့်ဖြစ်ကာ အချေအတင်စကားများခဲ့သေးတယ်လို့ ဆိုပါတယ်။ ပွဲထွက်ပြီး ၇ နှစ်လောက်အကြာမှာတော့ ဒီလောကထဲမှာ ဒီလိုဆက်နေနေရင် ဒီလိုစကားအချေအတင်ပြောရတာတွေကတော့ရှိနေမှာပဲမို့ အဲဒီအချိန်ကတည်းကစတင်ပြီး နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထားခဲ့တာဖြစ်တယ်လို့ Seungri က သူကိုယ်တိုင် ပြောပြခဲ့တာဖြစ်ပါတယ်။

၆။ လျှို့ဝှက် စုံတွဲခုတ်ခြင်း။

လူရယ်လို့ဖြစ်လာပြီဆိုရင် လူ့သဘာဝအရ ချစ်ကြိုက်ညားဆိုတာ ရှိကြတာပါပဲ။ Idol တွေဆိုတာဟာလည်း လူသားတွေပဲမို့လို့ ကိုယ်စီ၊ ကိုယ်စီ ရင်တွင်းခံစားချက်တွေရှိကြကာ လူငယ်သဘာဝချစ်ကြ၊ ကြိုက်ကြတာ ရှိပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေက မိမိတို့ ကြိုက်နှစ်သက်သဘောကျတဲ့ Idol တွေကို သူတို့ကိုယ်တိုင်သာ ချစ်ချင်၊ ကြိုက်ချင်ကြတာမို့လို့ တခြားတစ်စုံတစ်ယောက်နဲ့ ဒိတ်လုပ်တယ်ဆိုတာကို မနှစ်သက်ကြပါဘူး။ ဒါကြောင့် Idol တွေဟာ ဒိတ်လုပ်ကြပြီဆိုရင် ပရိသတ်တွေမသိရအောင် သိုသိုဝှက်ဝှက်ဒိတ်လုပ်ကြရပြီး အဲဒီထဲက တချို့ကတော့ ပရိသတ်တွေ လုံးဝမရိပ်မိအောင် ပိပိရိရိထိန်းသိမ်းထားနိုင်ကြပါတယ်။ တချို့တွေကျတော့လည်း ခဏလေးအတွင်းမှာ ပေါ်ပေါက်သွားခဲ့ပြီး ပရိသတ်တွေကို ၀န်ခံခဲ့ကြရပါတယ်။ အဲဒီအခါမှာ သဘောတူတဲ့ပရိသတ်တွေလည်းရှိသလို သဘောမတူကြတဲ့သူတွေလည်းရှိပါတယ်။ တကယ်လို့ ဒိတ်လုပ်နေတယ်ဆိုတာကို ပေါ်ပေါက်တဲ့အချိန်က ကံမကောင်းတဲ့အချိန်မျိုးဖြစ်နေခဲ့မယ်ဆိုရင်တော့ အဖွဲ့ကနေ ထွက်ခွာသွားဖို့အထိ ပရိသတ်တွေရဲ့ ဆန္ဒပြခြင်းတွေကို ခံရနိုင်ပါတယ်။

၇။ မိသားစုနဲ့ ခွဲခွာပြီးနေထိုင်ရခြင်း။

တကယ်လို့ သင်ဟာ Idol တစ်ယောက်ဖြစ်ဖို့စိတ်ကူးရှိတယ်ဆိုရင် မိသားစုနဲ့ခွဲခွာပြီး မိဝေးဖဝေးနေထိုင်နိုင်ဖို့တော့ လိုပါလိမ့်မယ်။ ယခုလက်ရှိအောင်မြင်နေတဲ့ K Idol အများစုဟာ မိသားစုနဲ့ခွဲခွာကာ အေဂျင်စီရဲ့ စီမံခန့်ခွဲမှုလက်အောက်မှာ နေထိုင်ကြရသူတွေဖြစ်ပါတယ်။ မိမိရဲ့ အိမ်ကို မိမိပြန်ချင်တဲ့အချိန်ပြန်လို့မရပဲ အေဂျင်စီရဲ့ ခွင့်ပြူချက်ရမှသာ ပြန်ခွင့်ရကြတာပါ။ ဒါကြောင့် မိသားစုအတွင်းမှာ ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ပါက အနီးအနားမှာမရှိနိုင်ပဲ အချိန်လွန်နောက်ကျပြီးမှသာ မိသားစုဆီကို ပြန်ရောက်ရတာမျိုးရှိကြပါတယ်။ BTS ရဲ့ အဖွဲ့ဝင် V ဆိုရင် သူ ပွဲဦးထွက်ပြီးမှ အဖိုးနဲ့အဖွားဖြစ်သူကို ဆုံးရှုံးခဲ့ရြ့ပီး အဲဒီမတိုင်ခင်မှာလည်း သူ့ရဲ့ များပြားလွန်းတဲ့ အလုပ်အချိန်ဇယားတွေကြောင့် အဖိုးနဲ့ အဖွားကို သွားတွေ့ခွင့်မရခဲ့ပါဘူး။ အချိန်လွန်တော့မှသာ မိသားစုနဲ့အတူ နာရေးအခမ်းအနားကို တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

၈။ စိတ်ဓာတ်ကျဆင်းမှုရဲ့ သားကောင်ဖြစ်ရခြင်း။

Idol တစ်ယောက်အနေနဲ့ မလွဲမသွေကြုံရတဲ့ ဒုက္ခတစ်ခုကတော့ စိတ်ဓာတ်ကျဆင်းရတာပဲ ဖြစ်ပါတယ်။ Super Junior အဖွဲ့ခေါင်းဆောင် Leeteuk ကြုံခဲ့ရတဲ့ စိတ်ဒုက္ခကတော့ ကြားမိသူတိုင်းကို မျက်ရည်ဝဲစေမိမှာ အမှန်ပါ။ ၂၀၁၄ ခုနှစ်တုန်းက Leeteuk ရဲ့ ဖခင်ဖြစ်သူဟာ သူ့ရဲ့ ဖခင်အရင်းနဲ့ မိခင်အရင်း (Leeteuk ရဲ့ အဖိုးနဲ့ အဖွား) တို့ကိုသတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့ပါတယ်။ အကြွေးတွေကို ပြန်မဆပ်နိုင်လို့ အဆုံးစီရင်သွားခဲ့တာကြောင့် ထိုကျန်ရှိတဲ့အကြွေး ၀မ် သန်း ၅၀၀ ကျော်ဟာ သားဖြစ်သူ Leeteuk ရဲ့ခေါင်းပေါ်ကိုရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Leeteuk ဟာ စစ်မှုထမ်းဆောင်နေတဲ့အချိန်ဖြစ်တာကြောင့် သူ့မှာရှိတဲ့ကားကိုရောင်းကာ အကြွေးဆပ်ခဲ့ရတဲ့အပြင် စစ်မှုထမ်းပြီးပြန်လာချိန်မှာလည်း လာကမ်းလှမ်းထားတဲ့အလုပ်မှန်သမျှကိုလက်ခံကာ မနားမနေ အလုပ်လုပ်ပြီး ကျန်ရှိတဲ့အကြွေးတွေကို ဆပ်ခဲ့ရပါတယ်။ စစ်တပ်ထဲမှာရှိနေတဲ့အချိန်တုန်းကဆိုရင် သူ ရင်ဆိုင်ရမယ့်အခက်အခဲတွေဟာများပြားလွန်းတာကြောင့် သူ့ကိုယ်သူ အဆုံးစီရင်ဖို့အထိ တွေးခဲ့မိဖူးတယ်လို့ Leeteuk ကိုယ်တိုင် ဖွင့်ဟပြောပြခဲ့ဖူးပါတယ်။


Ref : koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။