အနုပညာနယ်ပယ်ထဲကို အမှတ်မထင်ရောက်လာပြီး ကမ္ဘာကျော်ဆယ်လီ ဖြစ်လာသူများ

Posted on - Dec 5 []

Vitamin

စာရေးသူ

ကံတရားဆိုတာ အရမ်းကို ဆန်းကြယ်လွန်းပါတယ်။ အဆိုတော်တွေ သရုပ်ဆောင်တွေ ဖြစ်ချင်လွန်းလို့ လူတွေ့စစ်ဆေးတာတွေ ပြိုင်ပွဲဝင်တာတွေကို အကြိမ်ပေါင်းများစွာ ဝင်ရောက်ဆင်နွဲပေမယ့်လည်း ဒီနယ်ပယ်ထဲကို လုံးဝမဝင်ရောက်နိုင်သူတွေ တစ်ပုံကြီးပါ။ ဒါပေမယ့် ဘယ်လိုမှ ထင်မှတ်မထားတဲ့ အခြေအနေကနေ Entertainment Industry ထဲကို စတင်ခြေချခွင့်ရခဲ့ပြီး ကိုယ့်မှာ ဒီလောက် အရည်အချင်းတွေ ရှိနေပါလားဆိုတာကို ကိုယ်ကိုယ်တိုင် သိလာရသလို ပရိသတ်တွေကိုပါ ချပြခွင့်ရခဲ့တဲ့ ဆယ်လီတွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Jennifer Lawrence

အော်စကာဆုရ မင်းသမီးချော Jennifer Lawrence က မင်းသမီးဖြစ်လာဖို့ကို ငယ်ငယ်လေးကတည်းက ကြိုးစားလာခဲ့တာမဟုတ်ပဲနဲ့ သူ့ဘာသာ လမ်းလျှောက်နေရင်းကနေ မင်းသမီးစဖြစ်လာခဲ့တာပါ။ Jennifer Lawrence ဟာ ဆယ်ကျော်သက်အရွှယ်လောက်က သူ့မိဘနဲ့ နယူးယောခ့်မြို့မှာ လမ်းလျှောက်သွားလာနေတုန်း သရုပ်ဆောင်သစ်တွေ လိုက်လံစုဆောင်းနေတဲ့ ကိုယ်စားလှယ်တစ်ဦးက သူမကို သတိထားမိသွားပြီး ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကိုတောင်းခဲ့ပါတယ်။ နောက်တနေ့မှာပဲ သူမဆီကို ဖုန်းဆက်သွယ်ပြီး အနုပညာနယ်ပယ်ထဲကို အရောက်ပို့ခဲ့လို့ အခုဆို ကမ္ဘာကျော် အော်စကာဆုရ မင်းသမီးတစ်ယောက်ပင် ဖြစ်နေခဲ့ပါပြီ။

Channing Tatum

အရမ်းကို ဆွဲဆောင်မှုရှိတဲ့ မင်းသားချော Channing Tatum ဆိုရင်လည်း မင်းသားလုပ်ဖို့ သူ့မှာစိတ်ကူးယဉ်ချိန်မရှိလောက်အောင် အလုပ်များစွာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ပရိသတ်တွေက သူ့ကို အဖော်အချွတ်မော်ဒယ် လုပ်ခဲ့တာလောက် သိခဲ့ကြပေမယ့် တကယ်တော့ Channing Tatum က အဆောက်အဦး ဆောက်လုပ်သူ ၊ တိရစ္ဆာန်ဆေးရုံက လက်ထောက်အကူ ၊ ဈေးဝယ်စင်တာရဲ့ အရောင်းစာရေး အစရှိတဲ့ အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်ခဲ့ဖူးပါတယ်။ တစ်နေ့ မိုင်ယာမီကမ်းခြေမှာ Channing Tatum လမ်းလျှောက်သွားလာနေတုန်း မော်ဒယ်အသစ် ရှာဖွေနေတဲ့ အေးဂျင့်တစ်ဦးက သူ့ကို သတိထားမိသွားခဲ့ရာကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

Charlize Theron

အရမ်းကို သရုပ်ဆောင်တော်လွန်းတဲ့ မင်းသမီးကြီး Charlize Theron မင်းသမီးစဖြစ်လာပုံကတော့ တကယ်ကို ထူးဆန်းပါတယ်။ သူတကယ် အိမ်မက်မက်ထားတဲ့အလုပ်က ဘဲလေးကချေသည်ပါ။ ဒါပေမယ့် ခြေထောက်ဒဏ်ရာကြောင့် သူမရဲ့ စိတ်ကူးအိမ်မက်ကို စွန့်လွှတ်လိုက်ပြီးနောက် ဘဏ်တစ်ခုမှာ ချက်လက်မှတ်ကိစ္စနဲ့ စကားများခဲ့ရာကနေ မင်းသမီးဖြစ်သွားခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူအဲ့လို အော်ဟစ်နေချိန်မှာ သူရဲ့အမှုအယာတွေအားလုံးကို ရုပ်ရှင်အေးဂျင့်တစ်ဦးက တွေ့မြင်သွားခဲ့ရင်း အရမ်းသဘောကျမိသွားခဲ့တာကြောင့် သူ့ကို မင်းသမီးလုပ်ဖို့ ကမ်းလှမ်းခဲရင်းကနေ မင်းသမီးဖြစ်လာခဲ့ရလို့ပါပဲ။

Johnny Depp

ကမ္ဘာကျော်မင်းသားကြီး Johnny Depp ကတော့ အရင်ကတည်းက အနုပညာပိုး ရှိနေခဲ့သူပါ။ ဒါပေမယ့် သူက သူ့ကိုယ်သူ Rock အဆိုတော်တစ်ယောက် ဖြစ်လာဖို့ကို စိတ်ကူးခဲ့တာ။ Johnny Depp က The Kids လို့ အမည်ပေးထားတဲ့ တီးဝိုင်းလေးနဲ့ အရက်ဘားတွေမှာ လိုက်လံဖျော်ဖြေရင်း သူဝါသနာပါတာကို လုပ်ကိုင်ခဲ့သူပါ။ တစ်နေ့မှာတော့ သူရဲ့ ပထမဇနီးက နာမည်ကျော်မင်းသားကြီး Nicolas Cage နဲ့ မိတ်ဆက်ပေးခဲ့ရာကနေ Johnny Depp အသွင်အပြင်ကို သဘောကျသွားပြီး အေးဂျင့်တစ်ဦးနဲ့ ဆက်သွယ်ပေးလိုက်ရာကနေ ကမ္ဘာကျော်မင်းသားကြီး ဖြစ်လာခဲ့ရပါတယ်။

Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။