ဘာနေဗျူးမှာ မက်ဆီနဲ့အတူ ပွဲကြည့်ခွင့်ကို ရော်နယ်ဒို ဘာကြောင့်ငြင်းခဲ့တာလဲ?

Posted on - Dec 6 []

Thar Lay Htet Aung

စာရေးသူ

မနေ့ကတုန်းက ကမ္ဘာ့ဘောလုံး ပရိသတ်တွေကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာက ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရ ကစားသမား၂ဦးဖြစ်တဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့ကို ဘာနေဗျူးကွင်းမှာ ကစားမယ့် ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာ အသင်းတို့ရဲ့ ဗိုလ်လုပွဲစဉ်မှာ အတူတစ်ကွ ဘောလုံးပွဲကြည့်ရှုတာကို ပရိသတ်တွေ မြင်တွေ့ရတော့မယ်ဆိုတဲ့ သတင်းတစ်ခုပါ။

ရော်နယ်ဒိုကိုတော့ ရီးရဲမက်ဒရစ် အသင်းဘက်က တိုက်ရိုက်ဖိတ်ကြားခဲ့တာဖြစ်ပြီး မက်ဆီကိုတော့ စပိန်ဘောလုံး အဖွဲ့ချုပ်ကနေတစ်ဆင့် ဖိတ်ကြားခဲ့ကာ အသင်းရဲ့ VIP တန်းမှာ အတူကြည့်ရှုစေဖို့ စီစဉ်ပေးခဲ့တာပါ။ ဒါပေမယ့်လဲ အဆိုပါ သတင်းဟာ နာရီပိုင်းအကြာမှာပဲ ပျက်ပြယ်ခဲ့ရပါတယ်။ အကြောင်းကတော့ ရော်နယ်ဒိုဟာ ဘာနေဗျူးကို ပြန်လာရမယ့် အခွင့်အရေးကို ငြင်းပယ်လိုက်တာပါပဲ။

နီးစပ်သူတွေရဲ့ ပြောကြားချက်အရ ရော်နယ်ဒိုအနေနဲ့ ရီးရဲအသင်းရဲ့ ဖိတ်ကြားချက်အတွက် ၀မ်းသာမိသော်လည်း ဘာနေဗျူးကို ပြန်လာဖို့ အချိန်စောသေးတယ်ဆိုပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့အတူ ပွဲကြည့်ခွင့်ကို ရော်နယ်ဒို ပယ်ချလိုက်ပြီးနောက် ဘာကြောင့် ငြင်းပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကလဲ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။

မက်ဆီကြောင့်လား၊ ရီးရဲဥက္ကဌပီရက်ဇ်ကြောင့်လား၊ မီဒီယာတွေကတော့ ရော်နယ်ဒိုဟာ အခုလို ငြင်းပယ်လိုက်တာက မက်ဆီကြောင့် မဟုတ်တာတော့ သေချာတယ်လို့ အခိုင်အမာ ဖော်ပြလိုက်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ကွင်းတွင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်ကြပေမယ့် အပြန်အလှန် လေးစားမှု ရှိတဲ့သူတွေ ဖြစ်တာကြောင့် မက်ဆီကြောင့် မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့ကြတာပါ။

နောက်ဆုံးတော့ ရော်နယ်ဒိုဟာ ပီရက်ဇ်ကြောင့် ဘာနေဗျူးကို ပြန်လာရဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ မက်ဒရစ်ကနေ မထွက်ခွာခင် ပီရက်ဇ်နဲ့ ပြဿနာ တက်ခဲ့ပြီး ဆက်ဆံရေးတွေ တင်းမာခဲ့ကာ နောက်ဆုံးမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိအချိန်ထိလဲ ရော်နယ်ဒိုဟာ ပီရက်ဇ်အပေါ် ကျေနပ်ခြင်းမရှိတာကြောင့် ရီးရဲဘက်က ဖိတ်ကြားမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ရော်နယ်ဒို ဘာကြောင့် အခုလို ငြင်းပယ်ခဲ့တာလဲဆိုတာ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သိမှာမဟုတ်ပါဘူး။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။