သရေနဲ့ပြီးဆုံးခဲ့တဲ့ မန်ယူနဲ့အာဆင်နယ်ပွဲမှာ ခြေစွမ်းအပြခဲ့ဆုံး ကစားသမားများ

Posted on - Dec 6 []

Vitamin

စာရေးသူ

အင်္ဂလန်ရဲ့ဒါဘီပွဲလို့ တင်စားထားရတဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းအတို့ရဲ့ ပွဲစဉ်ကတော့ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေနဲ့ တစ်ဖက်၂ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီပွဲမှာ နှစ်ဖက်အသင်းလုံး ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေ ရှိခဲ့ပြီးတော့ ဘယ်ကစားသမားတွေက ပိုမိုခြေစွမ်းပြခဲ့သလဲဆိုတာ Rating သတ်မှတ်ချက်များနဲ့တကွ ဖော်ပြပေးသွားချင်ပါတယ်။

မာစီယယ်

မန်ယူတိုက်စစ်မှူးမာစီယယ်ကတော့ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ သူရဲ့ပြေးလွှားတိုက်စစ်ဆင်မှုတွေက အာဆင်နယ်ခံစစ်မှူး မူစတာဖီကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ချေပဂိုးသွင်းယူခဲ့ချိန်မှာလည်း မာစီယယ်ဟာ အချိန်မှန် နေရာမှန်မှာ ရှိနေနိုင်ခဲ့ပါတယ်။ မာစီယယ်ကတော့ Rating 7 အထိကို ရရှိပါတယ်။

အဲရစ်ဘိုင်လီ

ဒီနေ့ပွဲရဲ့ အကောင်းဆုံး နောက်ခံကစားသမားပါ။ အချိန်တွေအကြာကြီး မော်ရင်ဟိုရဲ့ အပယ်ခံဖြစ်ခဲ့ရပေမယ့် အခွင့်အရေးရတဲ့အချိန်မှာ အကောင်းဆုံးတောက်ပနိုင်ခဲ့ပါတယ်။ လေထဲမှာ ဘောလုံးဖြတ်ထုတ်မှုတွေ အကောင်းဆုံးလုပ်နိုင်ခဲ့သလို အူဘာမီယန်းကိုလည်း ဂိုးမသွင်းနိုင်အောင် လူကပ်ကစားနိုင်ခဲ့ပါတယ်။ ဘိုင်လီကတော့ Rating 7.5 အထိ ရရှိထားခဲ့ပါတယ်။

ဟာရဲရား

ဟာရဲရားကတော့ ဒီနေ့ပွဲမှာ မန်ယူအသင်းရဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်မှာ အသင်းကို အကောင်းဆုံးထိန်းကြောင်းနိုင်ခဲ့တယ်။ ဖြတ်ထုတ်မှုတွေ အကောင်းဆုံး ပြုလုပ်နိုင်ခဲ့တယ်။ တော်ရဲရားရဲ့ တန်ပိုတွေကို အရှိန်လျှော့ချနိုင်ခဲ့တယ်။ အရေးအကြီးဆုံးကတော့ မန်ယူရဲ့ ပထမချေပဂိုးကို ဘောလုံးမအောက်သွားအောင် ရအောင်လိုက်ဆယ်ပြီး မာစီယယ်ဆီကို ဖန်တီးပေးနိုင်ခဲ့တာပါပဲ။ ဟာရဲရားကတော့ Rating 8 အထိ ရရှိခဲ့ပါတယ်။

လာကာဇက်

၆၅မိနစ်မှသာ ဝင်ကစားခွင့်ရခဲ့ပေမယ့် ပွဲချိန်ပြည့် ကစားနေတဲ့ အူဘာမီယန်းထက်ကို အသင်းအတွက် အကျိုးပြုစေခဲ့ပါတယ်။ လာကာဇက်က ရိုဟိုရဲ့အမှားကနေ အာဆင်နယ်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဒီပုံစံတိုင်းဆို နောက်ပွဲတွေမှာ ပွဲထွက်ကစားသမား ဖြစ်လာနိုင်ပါတယ်။ လာကာဇက်ကတော့ Rating 7 ရရှိထားခဲ့ပါတယ်။

ဂွန်ဒူဇီ

အရည်အချင်းအရမ်းရှိတဲ့ ချာတိတ်လေး ဂွန်ဒူဇီကတော့ ဒီနေ့ပွဲမှာ တည်ငြိမ်မှုတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ကစားဟန်ကြောင့်ပဲ အာဆင်နယ်တို့ ဖရီးကစ်ရခဲ့သလို ဒီဖရီးကစ်ကနေလည်း ပထမဦးဆောင်ဂိုးကို ရခဲ့ပါတယ်။ အမှားလေးတွေ ရှိခဲ့ပေမယ့်လည်း ဆယ်ကျော်သက်အရွှယ်နဲ့မလောက်အောင်ကို လိမ်မာပါးနပ်စွာ ကစားနိုင်ခဲ့ပါတယ်။ ဂွန်ဒူဇီကတော့ Rating 7.5 အထိ ရရှိပါတယ်။

တော်ရဲရား

အာဆင်နယ်ရဲ့ကွင်းလယ်မှာ နောက်ထပ်ဗီအဲရာတစ်ယောက် ထပ်မံပေါ်ပေါက်လာသလိုပါပဲ။ ဒီနေ့ပွဲမှာလည်း စပါးအသင်းနဲ့ပွဲတုန်းကလိုမျိုး အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။ အချိန်တိုလေးအတွင်းမှာ အာဆင်နယ်ကွင်းလယ်ရဲ့ မရှိမဖြစ် ကစားသမားဖြစ်လာအောင် ကြိုးစားခဲ့တဲ့ တော်ရဲရားဟာ ဒီနေ့ပွဲမှာလည်း အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့လို့ Rating 8 အထိကို ရယူနိုင်ခဲ့ပါတယ်။

Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။