အားကျစရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀တွေကို ပိုင်ဆိုင်ထားကြတဲ့ နာမည်ကျော် ကိုရီးယားမင်းသမီး (၅) ဦး

Posted on - Dec 6 []

Zue

စာရေးသူ

သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ရရှိခြင်းဟာ ဘုရားပေးတဲ့ လက်ဆောင်မွန်တစ်ခုလို့ ဆိုလို့ရပါတယ်။ ဒီလိုမျိုး သာယာတဲ့မိသားစုဘ၀ကို ရရှိဖို့ဆိုတာကလည်း နားလည်မှုရှိပြီး ချစ်ခင်ကြင်နာတတ်တဲ့ အိမ်ထောင်ဖက်နဲ့အတူ အဆင်ပြေတဲ့အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားနိုင်ရမှာ ဖြစ်ပါတယ်။ အခုတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အားကျစရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀၊ မိသားစုဘ၀ကို ပိုင်ဆိုင်ရရှိထားကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းမင်းသမီးတွေ ဖြစ်ကြပါတယ်။

1. Song Hye Kyo

မြန်မာပရိသတ်တွေက အွန်စော လို့ အသိများခေါ်ဝေါ်ကြတဲ့ မင်းသမီး Song Hye Kyo ကတော့ အရင်တုန်းက Lee Byung Hyun, Hyun Bin အစရှိတဲ့ နာမည်ကျော်မင်းသားချောတွေနဲ့ စုံတွဲခုတ်ခဲ့ပေမယ့်လည်း အချစ်ရေးကံမကောင်းခဲ့ပါဘူး။ နာမည်ကြီးဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးခဲ့တဲ့သူမကို ပရိသတ်တွေက ထိုဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင်မင်းသားတွေနဲ့ အမျိုးမျိုးသော ထင်ကြေးတွေ ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း သူမဟာ Hyun Bin နဲ့ လမ်းခွဲခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်ကတည်းက ဘယ်သရုပ်ဆောင်မင်းသားနဲ့မှ စုံတွဲမခုတ်ပဲ တစ်ကိုယ်တည်းဘ၀ကို ဖြတ်သန်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သူမရဲ့ ဖူးစာဖက်ဖြစ်တဲ့ Song Joong Ki နဲ့အတူ Descendants of the Sun ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးရင်းနဲ့ မေတ္တာသက်ဝင်စုံမက်ခဲ့ကြကာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ တရားဝင်လက်ထက်မင်္ဂလာဆောင်နှင်းခဲ့ပါတယ်။

ဇာတ်လမ်းတွဲထဲမှာကတည်းက ပရိသတ်တွေက သူမတို့ကို သဘောတူခဲ့ကြတာမို့လို့ သူမတို့ဇနီးမောင်နှံရဲ့ လက်ထပ်ပွဲဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ မ နဲ့ မောင် စုံတွဲဖြစ်ကြတဲ့ သူမတို့စုံတွဲဟာ ပရိသတ်တွေ သဘောအကျဆုံးစုံတွဲအဖြစ်နဲ့ သတ်မှတ်ခံထားရပြီး အရမ်းချစ်တတ်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားရတဲ့သူမကိုလည်း အတော်လေးကိုကံကောင်းတဲ့အမျိုးသမီးတစ်ယောက်လို့ ပရိသတ်တွေက အသိအမှတ်ပြုထားကြပါတယ်။

2. Kim Tae Hee

တောင်ကိုရီးယားနိုင်ငံရဲ့ အလှဆုံးနဲ့ နာမည်အကျော်ကြားဆုံးမင်းသမီးတွေထဲမှာပါဝင်တဲ့ Kim Tae Hee ကတော့ King of Kwave လို့ အသတ်မှတ်ခံထားရတဲ့ အဆိုတော်၊ သရုပ်ဆောင် Rain နဲ့ လက်ထပ်ခဲ့ထားတာဖြစ်ပါတယ်။ ကြော်ငြာဘုရင်မ၊ အလှဘုရင်မလို့ တင်စားသတ်မှတ်ခံထားရတဲ့ သူမဟာ ထိပ်တန်းအဆိုတော်ဖြစ်တဲ့ Rain နဲ့ လက်ထပ်ပြီး ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ရရှိလိမ့်မယ်လို့ တချို့သောပရိသတ်တွေက မတွေးမိခဲ့ကြပါဘူး။

နာမည်ကျော်ဆယ်လီတွေရဲ့ထုံးစံအတိုင်း ခဏတာစုံတွဲခုတ်ပြီး အမျိုးမျိုးသောအကြောင်းတွေကြောင့် ပြတ်ဆဲသွားကြလိမ့်မယ်လို့ တွေးထင်မိထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူမတို့ကတော့ နားလည်မှုတွေ၊ သစ္စာရှိမှုတွေနဲ့အတူ ၄ နှစ်တာမျှကို ဖြတ်သန်းပြီး ၂၀၁၇ ခုနှစ် အစောပိုင်းလောက်တုန်းက ဘုရားကျောင်းလေးတစ်ခုမှာ အကျဉ်းချုံးပြီး လက်ထပ်ခဲ့ကြပါတယ်။

အခုဆိုရင်တော့ Kim Tae Hee ဟာ အရမ်းချစ်ကြင်နာတတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားရပြီး သမီးလေးတစ်ဦးကို မွေးဖွားထားတဲ့ အိမ်ထောင်သည်မေမေတစ်ယောက် ဖြစ်နေပါပြီ။ သို့ပေမယ့်လည်း အလှတရားတွေကတော့ မပျက်ယွင်းသေးဘူးနော်။

3. Jun Ji Hyun

ဇာတ်ကောင်စရိုက်ပေါင်းများစွာကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီး Jun Ji Hyun ဟာဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး နာမည်ကျော်ကိုရီးယားမင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမကတော့ ၂၀၁၂ ခုနှစ်မှာ ငယ်သူငယ်ချင်းဖြစ်သူ Choi Jun Hyuk နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး သူမရဲ့ခင်ပွန်းကတော့ ချမ်းသာကြွယ်ဝတဲ့အသိုင်းအ၀ိုင်းကနေ ဆင်းသက်လာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

လက်ထပ်ပြီး ၄ နစ်အကြာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သားအကြီးလေးကို မွေးဖွားခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာတော့ သားအငယ်လေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ကလေး ၂ ယောက် မိခင်ဆိုသော်ငြားလည်း ယခုအချိန်အထိ အလှဆုံးသော သရုပ်ဆောင်မင်းသမီးတွေစာရင်းမှာ နေရာယူနေဆဲပါ။

4. Han Ga In

လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး Han Ga In ကတော့ သရုပ်ဆောင်ထူးချွန်ဆုတွေများစွာကို သိမ်းပိုက်ထားနိုင်တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုအရှိန်တွေ မြင့်တက်နေတဲ့ ၂၀၀၅ ခုနစ်မှာ မင်းသား Yeon Jung Hoon နဲ့ လက်ထပ်လိုက်တဲ့အခါမှာ သူမရဲ့အောင်မြင်မှုတွေက တစ်ခဏထိုးကျသွားဖူးပါတယ်။

သို့သော်ငြားလည်း ၂၀၁၂ ခုနှစ်မှာ Kim Soo Hyun နဲ့ အတူတွဲဖက်ရိုက်ကူးထားတဲ့ "The Moon Embracing The Sun" ဆိုတဲ့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ သူမရဲ့ အောင်မြင်မှုဟာ တစ်ဖန်ပြန်လည်မြင့်တက်ခဲ့ပါတယ်။

အိမ်ထောင်ရေးအကြောင်းကို သိပ်ပြီးထုတ်ဖော်ပြောလေ့မရှိတဲ့သူမဟာ ကိုယ်ဝန် ၂ လနဲ့ ပျက်ကျဖူးပေမယ့် ဒုတိယတစ်ကြိမ်ကိုယ်ဝန်ဆောင်ပြီးတဲ့အခါမှာတော့ သမီးမိန်းကလေးတစ်ဦးကို ၂၀၁၆ ခုနှစ် ဧပြီလမှာ မွေးဖွားခဲ့ပါတယ်။

5. Lee Young Ae

ကိုရီးယားဖျော်ဖြေရေးလောကကို နိုင်ငံတကာက သိအောင်၊ စိတ်ဝင်စားအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင်တွေထဲမှာ ချန်ဂင် လို့ အသိများကြတဲ့ မင်းသမီး Lee Young Ae လည်း ပါဝင်ပါတယ်။ နန်းတွင်းရတနာ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရဲ့ရင်ထဲကို နေရာယူနိုင်ခဲ့တဲ့ သူမဟာ ကိုရီးယား-အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူဟာ သူမထက် အသက် ၂၀ မျှကြီးတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း နားလည်မှုရှိတဲ့အိမ်ထောင်တစ်ခုကို အောင်မြင်စွာတည်ဆောက်ထားနိုင်တဲ့သူမတို့မှာ အမြွာ သားနဲ့သမီးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀ကို ရရှိထားကြပါတယ်။

Ref : Top Korean News
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။