SM ကနေ ပွဲဦးထွက်ချင်တဲ့ အကြောင်းအရင်းကို ဖွင့်ပြောခဲ့ဖူးတဲ့ Xiumin

Posted on - Dec 6 []

Zue

စာရေးသူ

တောင်ကိုရီးယားနိုင်ငံမှာ ဖျော်ဖြေရေးအေဂျင်စီတွေဆိုတာ ရေမတွက်နိုင်လောက်အောင်ကိုပင် ပေါများလှပါတယ်။ ဒီလိုပေါများလှတဲ့ အေဂျင်စီတွေများစွာထဲကမှ အကြီးဆုံးအေဂျင်စီကတော့ (၃) ခုဖြစ်ပြီး အဲဒီအေဂျင်စီ (၃) ခု ထဲက (၁) ခုရဲ့ လက်အောက်ကနေ ပွဲဦးထွက်ခွင့်ရဖို့ဆိုတာ အင်မတန်မှပင်ခက်ခဲလှပါတယ်။ Idol ဖြစ်ချင်သူတွေက မိမိကြိုက်နှစ်သက်တဲ့ အေဂျင်စီတွေရဲ့ လူးရွေးချယ်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အေဂျင်စီက နှစ်သက်သဘောကျလို့ရွေးချယ်ခံရမှသာ အေဂျင်စီရဲ့ သင်တန်းသားအဖြစ်ကို ရောက်ရှိရတာဖြစ်ပါတယ်။ EXO ရဲ့ Xiumin ကတော့ ဒီလိုပေါများလှတဲ့ အေဂျင်စီတွေထဲကမှ S.M Entertainment ကို ရွေးချယ်ကာ Idol တစ်ယောက်ဖြစ်လာခဲ့ပုံကို ယခုလိုပဲ ဖွင့်ဟပြောပြခဲ့ပါတယ်။

tvN ရဲ့ စကားပြောအစီအစဉ်တစ်ခုဖြစ်တဲ့ "Life Bar" မှာ Xiumin က ဒီအကြောင်းတွေကို ထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလိုမျိုး Idol တစ်ယောက်ဖြစ်လာမယ်ဆိုတာကို ဘယ်သောအခါကမှ မတွေးမိခဲ့ဖူးဘူးလို့ Xiumin က ဆိုပါတယ်။ သူ့ရဲ့ မူလရည်ရွယ်ချက်က ပညာရေးကောလိပ်တစ်ခုကို ၀င်ရောက်ဖို့ ၀င်ခွင့်ဖြေဆိုရန်သာဖြစ်ပြီး သီချင်းဆိုတာဟာ သူ့ရဲ့ ၀ါသနာတစ်ခုသာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့အနေနဲ့သာဆိုရင် လူရွေးချယ်ပွဲတွေမှာ ပါဝင်ဖြစ်မှာမဟုတ်ပဲ သူငယ်ချင်းတစ်ယောက်ရဲ့ လှုံ့ဆော်မှုကြောင့်သာလျှင် SM ရဲ့ လူရွေးချယ်ပွဲကို ပါဝင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ "တစ်ရက်မှာ ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို သူနဲ့အတူ SM ရဲ့ လူရွေးချယ်ပွဲမှာ ပါဝင်ဖို့ပြောတယ်ဗျ၊ ကျွန်တော်ကလည်း ငါ့ပုံစံနဲ့ အဆင်ပြေပါ့မလား...ငါက အရမ်းကြီးမှမတော်တာ လို့ပြောတာပေါ့၊ အဲဒီအခါမှာ သူက SM က အရည်အချင်းတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ပုံစံက SM က ကြိုက်တဲ့ပုံစံမျိုးလို့ ပြန်ပြောပါတယ်" လို့ Xiumin က လူရွေးချယ်ပွဲကို စတင်ဝင်ရောက်ခဲ့ပုံကို ပြောပြပါတယ်။

လူရွေးချယ်ပွဲမှာတော့ Xiumin ရဲ့ သူငယ်ချင်းဖြစ်သူက ကံမကောင်းစွာနဲ့ မပါခဲ့ပဲ ၀င်ရောက်ယှဉ်ပြိုင်သူတွေထဲမှာ Xiumin တစ်ယောက်တည်းကသာလျှင် လူရွေးချယ်ပွဲကို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ Xiumin က သူတစ်ယောက်တည်း ပါဝင်နိုင်ခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းဖြစ်သူမပါခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိခဲ့ရကြောင်းလည်း ပြောပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Xiumin က သူ့အနေနဲ့ SM Entertainment နဲ့ လက်တွဲဖြစ်ခဲ့တဲ့အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ SM Entertainment ကနေ ပွဲဦးထွက်ဖို့ သူရွေးချယ်ခဲ့ရတဲ့အကြောင်းကတော့ "TVXQ" ကြောင့် ဖြစ်ပါတယ်တဲ့။ "ကျွန်တော် SM နဲ့ အတူတူလက်တွဲရတဲ့အကြောင်းအရင်က TVXQ ကြောင့်ပါပဲ" လို့ Xiumin က ပြောပြီး သူဟာ TVXQ ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

"အစ်ကို Changmin က ကျွန်တော့်ရဲ့ အကြိုက်ဆုံးစီနီယာတစ်ဦးပါ၊ ကျွန်တော် TVXQ ကို စပြီးမြင်ရတဲ့အချိန်တုန်းဆိုရင် တကယ်ကို အံ့သြမင်သက်မိခဲ့ပါတယ်၊ သူတို့ပြောသမျှကို ကျွန်တော်နာခံချင်တယ်၊ ကျွန်တော့်အတွက်တော့ သူတို့ဟာ နတ်ဘုရားတွေလိုပါပဲ" ဟုဆိုကာ သူ့ရဲ့ TVXQ အပေါ်ထားရှိတဲ့ သဘောထားကို ပွင့်လင်းစွာထုတ်ဖော်ပြောပြခဲ့ပါတယ်။

အဲဒီအခါမှာ Xiumin နဲ့အတူတူ အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့တဲ့ Changmin က "EXO ရဲ့ အောင်မြင်မှုအရှိန်က မုန်တိုင်းတစ်ခုလိုမျိုးပါပဲ၊ ကျွန်တော်တို့ TVXQ ကြောင့် လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်တွေဖြစ်ပေါ်လာတယ်ဆိုတာ ကျွန်တော်တို့အတွက် ဂုဏ်ယူဖို့ကောင်းတယ်ဆိုတဲ့ ခံစားချက်တွေဖြစ်ပေါ်လာတဲ့အတွက် တကယ်ကိုကျေးဇူးတင်မိပါတယ်" လို့ ပြောခဲ့ပါတယ်။

Xiumin ရဲ့ TVXQ အပေါ်ထားရှိတဲ့ သဘောထားကို ပရိသတ်ကြီးအနေနဲ့ ဘယ်လိုများထင်မြင်မိပါသလဲ။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။