ပရိသတ်တွေကို ငိုပြီးတောင်းပန်စကားဆိုခဲ့တဲ့ Cha Eun Woo

Posted on - Jan 10 []

Zue

စာရေးသူ

Astro အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Cha Eun Woo ဟာဆိုရင် Idol တစ်ယောက်အဖြစ်နဲ့သာမက သရုပ်ဆောင်မင်းသားတစ်လက်အဖြစ်နဲ့ပါ လူသိများတဲ့သူဖြစ်ပါတယ်။ ချောမောတဲ့ရုပ်ရည်၊ မြင့်မားတဲ့အရပ်နဲ့ ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာအချိုးအစားတို့ကို ပိုင်ဆိုင်ထားတဲ့ Cha Eun Woo ဟာ မိန်းကလေးပရိသတ်တွေ အများအပြားရရှိထားသူတစ်ယောက်ဖြစ်တဲ့အပြင် မိန်းကလေးတွေ အားကျရတဲ့အသားအရည်မျိုးကိုလည်း ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

ရုပ်ရည်ချောမောယုံသာမက ဥာဏ်ပညာလည်း ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာစွမ်းရည်တွေလည်း ပြည့်ဝတဲ့သူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်တုန်းက ပြုလုပ်ခဲ့တဲ့ Astro ရဲ့ Concert တစ်ခုမှာ ပရိသတ်တွေကို မျက်ရည်အ၀ဲသားနဲ့ တောင်းပန်ခဲ့ရတြဲ့ဖစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။

ထို Concert မှာ Cha Eun Woo က "တကယ်တော့ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ လက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့ မန်နေဂျာတွေနဲ့ တခြားသောတာဝန်ရှိသူတွေ အများကြီးဟာ ကုမ္ပဏီကနေ အလုပ်ထွက်သွားခဲ့တဲ့အချိန်ရှိဖူးပါတယ်။ အဲဒီအချိန်တုန်းက တော်တော်ကိုနေရတာ ခက်ခဲခဲ့တယ်ဗျ။ ဖြစ်ခဲ့တာကြာပြီဆိုပေမယ့်လည်း ကျွန်တော်တစ်ယောက်တည်း ရပ်တည်ခဲ့ရတဲ့အချိန်တွေက တကယ်ကိုပြောမပြတတ်အောင် စိတ်ပင်ပန်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုတော့လည်း ပျော်နေပါပြီ" လို့ ဆိုကာ သူ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအများကြီးကို ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ပင်ပန်းခဲ့ဖူးကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပရိသတ်တွေကို မျက်ရည်တွေအ၀ဲသားနဲ့ တောင်းပန်စကားဆိုခဲ့ပြီး တောင်းပန်ခဲ့ရတဲ့အကြောင်းကို ပရိသတ်တွေသိသွားတဲ့အခါမှာတော့ ပရိသတ်တွေခမျာ အံ့သြခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Cha Eun Woo တောင်းပန်ခဲ့ရတဲ့အကြောင်းအရင်းက သူ့မျက်နှာ အသားအရည်တွေပျက်စီးခဲ့တဲ့အချိန်တုန်းက ပရိသတ်တွေကို စိတ်ပူစေခဲ့လို့ပဲဖြစ်ပါတယ်။

"ကျွန်တော့်ရဲ့ စိတ်ခံစားမှုရော၊ ကိုယ်ခန္ဓာအပြင်ပိုင်းခံစားမှုရောမှာပါ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရဖူးတယ်။ စိတ်တွေအရမ်းပင်ပန်းတဲ့ရက်တွေရှိခဲ့တော့ အသားအရည်ကိုလည်းသေချာမထိန်းသိမ်းမိခဲ့တာကြောင့် ပျက်စီးခဲ့ပါတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ အသားအရည်ကို သေချာထိန်းသိမ်းသင့်တယ်ဆိုပေမယ့်လည်း......ဖြစ်ခဲ့တဲ့ကိစ္စတွေအများကြီးအတွက် စိတ်မကောင်းလည်းဖြစ်မိသလို တောင်းလည်းတောင်းပန်ပါတယ်" လို့ဆိုကာ အနုပညာရှင်တစ်ယောက်အနေနဲ့ စိတ်ကိုအလိုလိုက်ပြီးနေထိုင်ခဲ့ခြင်းအတွက် ပရိသတ်တွေကို စိုးရိမ်စိတ်တွေဖြစ်ပေါ်စေခဲ့တာကြောင့် တောင်းပန်စကားဆိုထားခြင်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက 'Seoul Fashion Week' ကို တက်ရောက်ခဲ့တဲ့ Cha Eun Woo ရဲ့ ပုံရိပ်ကို ပရိသတ်တွေအတော်များများ မှတ်မိနေကြဦးမယ်ထင်ပါတယ်။ အပြစ်ပြောစရာတစ်ကွက်မှမရှိအောင် ချောမောပြီး အသားအရည်ဆိုရင်လည်း ရှင်းသန့်ကြည်လင်နေတဲ့ Cha Eun Woo ဟာ ထိုစဉ်အချိန်တုန်းက ပျက်စီးနေတဲ့ မျက်နှာအသားအရည်နဲ့ ပွဲကိုတက်ရောက်လာခဲ့ပြီး ပွဲကိုတက်ရောက်ခဲ့တဲ့ပုံတွေထွက်ပေါ်လာတဲ့အခါမှာလည်း ပရိသတ်တွေမှာ စိတ်မကောင်းတွေဖြစ်ခဲ့ကြရပါတယ်။

ဝေဖန်အပြစ်ပြောသူတွေကဆိုရင် Cha Eun Woo ရဲ့ မျက်နှာဟာ လုံးဝကို ပျက်စီးသွားပြီလို့ ပြင်းထန်စွာဝေဖန်ထားကြတာကြောင့် Cha Eun Woo ကို ချစ်ခင်ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေမှာလည်း စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲမှာ စိတ်ဆိုးဒေါသထွက်ခဲ့ရပါသေးတယ်။ ဒီလိုမျိုးပရိသတ်တွေကို စိတ်အနှောင့်အယှက်တွေများစွာဖြစ်စေခဲ့တာကြောင့် စိတ်မကောင်းဖြစ်စွာနဲ့ တောင်းပန်ခဲ့တဲ့ Cha Eun Woo ကို ပရိသတ်တွေကပဲ ပြန်လည်ပြီး "ရပါတယ်"၊ "ကောင်းကောင်းကြိုးစားခဲ့တာပဲ" ၊ "မငိုပါနဲ့" ဆိုတဲ့စကားလုံးလေးတွေနဲ့ အားပေးနှစ်သိမ့်ခဲ့ကြတာကို အောက်က ဗီဒီယိုဖိုင်လေးထဲမှာတွေ့မြင်ရမှာပါ။

ပရိသတ်တွေကို ငိုပြီးတောင်းပန်ခဲ့တဲ့ Cha Eun Woo

ပရိသတ်တွေရဲ့ အားပေးစကားနဲ့ ပြန်လည်ပြုံးရွှင်လာခဲ့တဲ့ Cha Eun Woo ဟာ အခုဆိုရင်တော့ အရင်ကလိုပဲ ချောမောခန့်ညားတဲ့ Cha Eun Woo ဖြစ်နေပြီဆိုတာကို ပရိသတ်တွေအသိပါပဲနော်။ ဖတ်ရှုအားပေးတဲ့ပရိသတ်ကြီးတို့ကို မိုမိုလေးက ကျေးဇူးအများကြီးတင်ရှိပါတယ်။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။