သမီးလေးရွှေသုပေးတဲ့ အသိတရားကြောင့် မိဘရဲ့မေတ္တာတရားတွေကို ပိုသိလာခဲ့ရတဲ့ ဖိုးသောကြာ

Posted on - Jan 11 []

K Kay

စာရေးသူ

သရုပ်ဆောင် အဆိုတော် ဖိုးသောကြာဟာဆိုရင် ရုပ်ရှင်ကား ဗီဒီယိုကားတွေမှာ သရုပ်ဆောင်မှု သိပ်မရှိတော့ပေမယ့် အဆိုအလုပ်ဖြစ်တဲ့ သီချင်းသီဆိုမှုကိုတော့ အခါအခွင့်သင့်လျှင်သင့်သလို လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ အဆိုတော်ကြီး အဖေ ဦးသုမောင်ရဲ့ အဆိုအမွေတွေကို ရရှိထားခဲ့ရတဲ့ ဖိုးသောကြာကတော့ သမီးလေး မွေးပြီးနောက်ပိုင်း ဖေဖေ မေမေတို့ရဲ့ မိဘမေတတ္တာတရားကို ပိုပြီးသိနားလည်းလာခဲ့ရတဲ့ အကြောင်းလေးကို "မရွှေသုပေးတဲ့ အသိ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စာစီစာဖွဲ့ပြီး ရေးဖွဲ့ပေးထားခဲ့တာပဲဖြစ်ပါတယ်။

ဖိုးသောကြာ ရေးသားထားတဲ့ စာသားလေးကတော့ " အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီး ဘာကွာသွားသလဲ လို့ခဏခဏ မေးခံရသည်။ ကွာသွားတာတွေက အများကြီး အစစကွာသွားသည်။ ပြောရမည် ဆိုလျှင်တော့ အများကြီးမှ အများကြီးရှိသည်။ အဲဒီ့ထဲကမှ မိဘနှင့်သားသမီး ဆက်ဆံရေး ကွာခြားသွားသည့်အကြောင်း ပြောချင်မိသည်။ အခြားသူများအတွက်တော့မသိ ကျနော့်အတွက်တော့ ကွာခြားသွားတာ သိသာလှသည်။ ဘာတွေကွာသွားသလဲ။ " ကိုကြီး... ညီမလေးနဲ့ ကိုကြီး အမေ ဘယ်သူ့ကို ပိုချစ်သလဲ "လို့ ချစ်ဥက ကျနော့်ကို မေးဖူးသည်။ သမီးရည်းစားဘဝ စစခြင်းတုန်းက ကျနော်က ချစ်ဥကို ညီမလေးလို့ခေါ်သည်။ "

" သူက ကျနော့်ကို ကိုကြီးလို့ခေါ်သည်။ အချိန်တွေကြာလာတော့ သူ့ဘက်က အခေါ်အဝေါ်ပြောင်းလာသည်။ ကျနော့်ကိုလည်း အခေါ်အဝေါ်ပြောင်းခိုင်းသည်။ ဘာကြောင့်မှန်းမသိ၊ ခုမှသိရတာက ကျနော်က တစ်ခြား ကျနော်နှင့်ရင်းနှီးသော အသိုင်းအဝိုင်းမှ ကိုယ်ထက်ငယ်သော မိန်းကလေးများကို ညီမလေးလို့ပဲ သုံးနှုန်းတတ်သောကြောင့်ဖြစ်ပါသည်။ မိန်းကလေးမှမဟုတ်ဘူး ကျနော့်ထက်ငယ်သော ယောက်ျားလေးများကိုလည်း ညီလေးလို့ပင် သုံးနှုန်းတတ်တာလည်း သူအသိပင်ဖြစ်သည်။ ရှိစေတော့ ခုတော့လည်း ချစ်ဥနှင့် ကိုကိုပေါ့။ ချစ်ဥဆိုသည့် နာမည်ကိုတော့ ကျနော်ပေးထားခြင်းဖြစ်သည်။ နောက်ပိုင်း လှိုင်ရတနာဆု ဆိုသည့် သူ့နာမည်ပျောက်ပြီး ချစ်ဥ ဆိုသည့် နာမည်သာတွင်လာခဲ့သည်။ "

" အဲဒီ့တုန်းကလည်း ညီမလေးကို ကိုကြီးက ဖြေခဲ့ဖူးသည်။ ကိုကြီးဘဝမှာ နံပါတ်တစ်က မိဘ ပဲလို့။ သူ့စိတ်ထဲ ဘယ်လိုဖြစ်သွားမလဲ ကျနော်မစဉ်းစားခဲ့ပဲ ဖြေခဲ့ခြင်းဖြစ်သည်။ ကျနော်မလိမ်လိုပေ။ အမှန်တကယ်ပင် မိဘ နံပါတ်တစ်မို့ နံပါတ်တစ်လို့သာ ရိုးရိုးသားသား ဖြေလိုက်ခြင်းဖြစ်သည်။ ဒါဆို ညီမလေးက နံပါတ်နှစ်ပေါ့နော်တဲ့။ စိတ်မကောင်းပေမယ့် " အင်းပေါ့.... "။ အချိန်တွေကြာလာတော့ ချစ်ဥက ကျနော့်ကိုထပ်မေးသည် " ကိုကိုရေ... ချစ်ဥက နံပါတ်ဘယ်လောက်ဖြစ်လာပြီလဲတဲ့"။ မဆိုင်းမတွပင် ဖြေလိုက်မိသည်။ နံပါတ်နှစ်ပဲလို့။ ' အင်း ...ချစ်ဥလည်း ကိုယ့်ကို နံပါတ်နှစ်နေရာမှာပဲထားရမယ် ' လို့နှစ်သိမ့်လိုက်မိသည်။ "

" ကျနော့်ဘဝမှာ မိဘ က အမြဲတမ်း နံပါတ်တစ်နေရာမှာရှိသည်။ အိမ်ထောင်မကျခင်ကတော့ မိဘနှင့်တူတူနေရသည်။ ဘယ်သွားသွား အချိန်တန်လို့အိမ်ပြန်လာလျှင် ဖေဖေ့မျက်နှာ အရင်တွေ့ရသည် (ဖေဖေ ရှိစဉ်ကပေါ့)။ အိမ်ရှေ့က ဖေဖေထိုင်နေကျ ခုံလေးမှာ စာထိုင်ရေးနေတဲ့ ဖေဖေမျက်နှာပေါ့။ နောက်တစ်ယောက်က မေမေပါ။ အိမ်ပြန်လာလျှင် မေမေ့ကိုမတွေ့ရလျှင် မေမေရှိတဲ့နေရာကို ရအောင်ရှာပြီး မေမေ့ဆီသွားရသည်။ ဘာရယ်မဟုတ် မေမေ့မျက်နှာတွေ့ပြီးလျှင် တစ်နေ့တာဖြစ်ပျက်ခဲ့တဲ့ အကျိုးအကြောင်းအနည်းငယ်ပြောဖြစ်သည်။ ပြီးမှ ကိုယ့်အခန်းထဲသွားပြီး လုပ်စရာရှိတာ လုပ်နေတတ်ပါသည်။"

"အိမ်ထောင်ကျခါစက မေမေနှင့် တူတူနေရသည်။ သာဓုခြံထဲက ဖေဖေနှင့်တူတူနေခဲ့သည့် အိမ်လေးကိုဖျက်ပြီး ကွန်ဒိုဆောက်နေသောကြောင့် မြောက်ဒဂုံ ပင်လုံအိမ်ယာထဲတွင် အိမ်ငှါးနေကြသည်။ မနက်လင်းတိုင်း ကျနော်က အလုပ်ထွက်သည်။ ကျနော်နှင့်အတူ ချစ်ဥလိုက်လာပြီး သူ့အမေအိမ်တွင် ဆင်းကျန်ခဲ့သည်။ သူ့အလုပ်ကလည်း သူ့မိဘအိမ်တွင် ရှိနေပြန်သည်။ ညနေပြန်လျှင် ချစ်ဥကို ဝင်ခေါ်ပြီးမှ ကျနော်တို့အိမ်ကိုပြန်သည် အဆင်ပြေလှသည်။ အိမ်ပြန်ရောက်တာနှင့် အမေ့မျက်နှာ အရင်တွေ့ရသည်။ အမေ့နားတွင်ထိုင်းပြီး စကားပြောဖြစ်ကြသည်။ တိုင်ပင်စရာရှိသည်များတိုင်ပင်ဖြစ်သည်။"

"နောက်ပိုင်းအလုပ်တွေများလာတော့ ချစ်ဥအပေါ်အချိန်သိပ်မပေးနိုင်ပေ။ ချစ်ဥမွေးနေ့တိုင်း သူနဲ့တူတူမရှိပေးနိုင်တာများသည်။ သမီးရည်းစားဘဝတုန်းကတော့ မနက်အစောကြီးထ ဘုရားလိုက်ပို့ မုန့်စားပြီးမှ အလုပ်သွားသည်။ ခုတော့ဖြင့်။ ချစ်ဥက မေးနေကြအတိုင်း ထပ်မေးပြန်သည်။ " ကိုကိုရေ... ချစ်ဥနဲ့ ကိုကို့အလုပ်က ဘယ်သူက နံပါတ်တစ်လဲ "။ ' ချစ်ဥ ရယ် ချစ်ဥက နံပါတ်နှစ် အလုပ်က နံပါတ်သုံး ပေါ့ '။ ကျနော်ပြန်ဖြေတော့ ကျနော့်ကို မျက်စောင်းတစ်ချက်ထိုးသည်။"

"မရွှေသုမွေးလာတော့ ကျနော့် စိတ်တွေ ဂရုစိုက်မှုတွေက သမီးဆီပိုရောက်သွားခဲ့သည်။ ဘာလုပ်လုပ် သမီးသမီး၊ သမီးအတွက် ဟိုဟာလေးတွေ့လည်းဝယ်ချင် ဒီဟာလေးတွေ့လည်းဝယ်ချင်ဖြစ်လာသည်။ သမီးအတွက် ဘာအကောင်းဆုံးလုပ်ပေးရမလည်းဆိုတာပဲ စဉ်းစားနေမိသည်။ ချစ်ဥအပေါ် ဂရုစိုက်မှုနည်းလာတာကျနော်ကိုယ်တိုင်သိသည်။ တစ်နေ့တော့ " ကိုကိုရေ ချစ်ဥ နံပါတ် ဘယ်လောက် ရောက်သွားပြီလည်း " တဲ့။ သူဘာပြောချင်မှန်း ကျနော်သိပါသည်။ ' ချစ်ဥက နံပါတ်နှစ်ပဲလေ ' လို့ ကျနော်ပြန်ဖြေလိုက်သည်။ " ဒါဆို သမီးက နံပါတ်သုံးပေါ့ ဟုတ်လား "။ ' ဟင့်အင်း.. သမီးလည်း နံပါတ်နှစ်ပဲလေ '။ ဒီတစ်ခါတော့ မပြောလို့မဖြစ်တော့ ပြောရပေတော့မည်။ "

" ကိုပြောပြမယ်ချစ်ဥ၊ အချစ်ကို နံပါတ်နဲ့တိုင်းလို့မရဘူးလေ။ စဉ်းစားကြည့်နော် သမီးကိုချစ်တဲ့အချစ်နဲ့ ကို့ကိုချစ်တဲ့အချစ်တူသလား။ ချစ်ဥကတော့ တူတူပဲ ဆိုပြီးကပ်ပြောသည်။ " မတူပါဘူး ချစ်ဥရယ် အဲဒီလိုပဲ မိဘကို ချစ်တဲ့အချစ်နဲ့ ချစ်ဥကို ချစ်တဲ့အချစ်လည်း မတူဘူးလေ။ အချစ်အားလုံးက သူ့နေရာနဲ့သူ နံပါတ်တစ်ပါပဲ"။ သူဘာမှမပြောတော့ပေ။ တစ်ခုတော့ရှိသည်။ မိဘကို ဘယ်လောက်ပဲ ချစ်ချစ် သားသမီးနဲ့ယှဉ်လာရင်တော့ အနည်းနဲ့အများ ကွာသွားပြန်သည်။ ဆိုပါစို့ မိဘကို အချိန်ပေးနိုင်တာတွေ။ စကားပြောမပေးနိုင်တော့တာတွေ က သိသာလှသည်။"

"မရွှေသု ၁နှစ်သမီးအရွယ်လောက်ရောက်တော့ သာဓုခြံက သုမောင်ကွန် ဆောက်ပြီးသွားပြီ။ ကျနော်တို့ သုမောင်ကွန်ဒိုကို ပြန်ပြောင်းခဲ့ကြသည်။ ကျနော်က အပေါ်ဆုံးထပ်မှာနေသည်။ မေမေ၊ မကြီး၊ ဖိုးစနေ တို့က ကျနော်အောက် ၇လွှာမှာနေကြသည်။ ဒီဘက်အိမ် စပြောင်းပြီးကတည်းက ကိုယ့်အိမ်နှင့်ကို ဖြစ်သွားလို့လားမသိ အလုပ်တွေပိုရှုပ်လာသည်။ အိမ်ကိစ္စတွေလည်းများလာသည်။ ဘယ်လိုပဲဖြစ်ဖြစ် အမေ့ဆီ တစ်နေ့တစ်ခေါက်လောက် သွားဖြစ်အောင်သွားသည်။ အလုပ်အရမ်းများတဲ့နေ့ဆို အမေ့ဆီမရောက်ဖြစ်ပေ။ အပေါ်ထပ်အောက်ထပ် နေပြီး အမေ့ဆီမသွားနိုင်သည်မှာ တော်တော်ဆိုးလှသည်။"

"အလုပ်ပင်ပန်းရတာနဲ့၊ အခြားစိတ်ရှုပ်စရာကိစ္စတွေရှိနေလျှင်လည်း အမေ့ဆီ မရောက်နိုင်ပေ။စိတ်ရှုပ်စရာရှိနေသည့်အခါမျိုးတွေ အမေ့ကို မတိုင်ပင်ဖြစ်တော့ပေ။ တစ်ခါတစ်လေ အမေ ကျနော်တို့အခန်းကို တက်လာသည်။ အရမ်းပင်ပန်းတဲ့အချိန်တွေဆိုလျှင် တစ်ယောက်တည်း နားနေချင်မိသည်။ TVကြည့်၊ ဂိမ်းကစား စသဖြင့်ပေါ့။ မေမေအပေါ်တက်လာလျှင် တူမလေး ရွှေချောပါလာတတ်သည်။ ရွှေသုနှင့် ရွှေချောတွေ့လျှင် တစ်ခန်းလုံးဗြောင်းဆန်နေပြီ။ ပင်ပန်းနေတဲ့အချိန်နှင့် ကလေးနှစ်ယောက် ကစားနေချိန်ကြုံလျှင် ကျနော် အိပ်ခန်းထဲဝင်သွားလိုက်သည်။ အဲဒီ့အခါလည်း အမေနှင့်စကားမပြောဖြစ်တော့ပေ။ အမေက ကျနော့်ကိုတောင် တစ်မျိုးထင်နိုင်သေးသည်။"

" ခုဆို မရွှေသု အသက်က ၃နှစ်နဲ့၂လခွဲ ရှိပြီ။ ကိုယ့်သမီးမို့ ပြောခြင်းမဟုတ် သူအရမ်းလိမ္မာသည်။ သူ့ကြီးတော်ကြီးကလည်း ဓမ္မစကူး ဆရာမဆိုတော့ အပေါ်ထပ်အောက်ထပ် အတက်အဆင်းလုပ်တိုင်း ဘုရားစာ သင်ပေးလေ့ရှိသည်။ အရဟံ၊ သမ္ဗုဒ္ဓေ၊ ဗုဒ္ဓံသရဏံ စသဖြင့်ပေါ့။ ညဘက်အိပ်လျှင် ရွတ်ရွတ်ပြသည်။ ခုတစ်လော မရွှေသုတစ်ယောက် ထူးခြားနေသည်။ ညဘက် အိပ်ယာပေါ်ရောက်ပြီး အိပ်ခါနီးတိုင်း ဖေဖေ့ကို ကန်တော့မယ်၊ မေမေ့ကို ကန်တော့မယ်ဆိုပြီး တစ်လှည့်ဆီ ရှိခိုးပါသည်။ ကျနော်တို့ကလည်း ဆုပြန်ပေးသည်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အနာမျိုး၉၆ပါးကင်းပါစေ၊ ပညာတတ်ကြီးဖြစ်ပါစေ စသဖြင့်ပေါ့။"

" သူ့အမေကလည်း သူတတ်သလောက် ဆုတွေပေးကြသည်။ ဆုအားလုံးပေးပြီးတော့မှ မရွှေသုက "ဖေဖေရယ် မေမေရယ် ရွှေသုရယ် မောင်မောင်လေးရယ် အကြာကြီး တူတူနေရပါစေလို့ ဆုတောင်းဦးလေတဲ့"။ သူရဲ့အတွေး ဘယ်လိုရှိသည်မသိ သူပြောတဲ့အတိုင်း ဆုတောင်းပေးလိုက်သည်။ မရွှေသု ပျော်ပြီးပြုံးသွားသည်။ ခုလို မိဘတစ်ယောက်အနေနဲ့ သားသမီးကို ဆုပေးရတဲ့အရသာက အရမ်းကြည်နူးဖို့ကောင်းမှန်း စိတ်ထဲကနေ နှစ်နှစ်လိုလိုကို ပေးချင်တဲ့ အရသာကို ခံစားလိုက်ရသည်။ ညည မိဘကို ရှိခိုးဖို့ မရွှေသု ကိုဘယ်သူသင်ပေးသလဲ။ ဒါမှမဟုတ် သူ့အသိစိတ်နဲ့ သူရှိခိုးတာလား ကျနော်မသိပေ။ သူ ကန်တော့တာ နေ့စဉ်အပြတ် ကျနော်စောင့်ကြည့်နေတာ ၇ရက်၈ရက်လောက်ရှိလောက်ပြီထင်သည်။ "

" မနေ့ညက ဘုရားရှိခိုးရင်းနဲ့ စိတ်ထဲအတွေးတစ်ခုဝင်လာသည်။ မနေ့ညက ရှိခိုးသည်ဆို၍ အခြားရက်များဘုရားမရှိခိုးခြင်းမဟုတ်။ မနက်ပိုင်းအချိန်ရလျှင်မနက်ပိုင်း မနက်အချိန်မရလျှင် ညပိုင်းရှိခိုးဖြစ်သည်။ မနေ့ညကမှ " သက်တော်ထင်ရှား သဗ္ဗေညုမြတ်စွာဘုရားကို စိတ်မှာရည်မှန်းပြီး ရှိခိုး ပါ၏ အရှင်ဘုရားလို့ " ရွတ်လိုက်ပြီး ရပ်သွားသည်။ မရွှေသု ညညကျနော်တို့ကို ရှိခိုးနေတာလေး တွေးမိသွားသည်။ ကျနော့်တွင် သက်ရှိထင်ရှား အမေတစ်ယောက်လုံးရှိတာတောင် ညတိုင်း ထိခြင်းငါးပါးနဲ့ မရှိခိုးဖြစ်ပါလားလို့ တွေးရင်းရှက်မိသည်။ ဟုတ်ပါသည်။ "

" ကျနော်က ခရီးသွားစရာရှိလျှင် မေမေ့ဆီသွားပြီး ရှိခိုးကန်တော့ပြီးမှ ခရီးသွားတတ်သည်။ ကျန်တဲ့အချိန်တွေ သာမာန်အားဖြင်း မကန်တော့ဖြစ်ပေ။ ကျနော်ခရီးသွားတိုင်း ကျနော်နှင့် အမြဲတမ်းထပ်တူ ပါတတ်တာက ဖေဖေနဲ့မေမေရဲ့ ခြေရာဖြစ်သည်။ အခရီးသွားလျှင် ခေါင်းအုံးအောက်မှာ ထားအိပ်တတ်သည်။ နောက်ပိုင်း ခရီးခဏခဏထွက်တော့ ကျန်ခဲ့မိမှာစိုးပြီး ခေါင်းအုံးအောက်တွင် မထားတော့ပဲ ကားပေါ်တွင်သာ တင်ထားတတ်သည်။ ကျနော် ဘုရားပြီးအောင်ရှိခိုးပြီး မေမေ့အခန်းကို ဆင်းသွားလိုက်သည်။ မေမေဘုရားရှိခိုးနေသည်။ ကျနော်ပြန်တက်သွားပြီး နောက်တစ်ခါ ပြန်ဆင်းတော့လည်း ဘုရားရှိခိုးမပြီးသေးပေ။ နောက်တစ်ခေါက် ထပ်ဆင်းသွားတော့ ဘုရားရှိခိုရင်းနဲ့လှည့်ပြီး "ဖိုးသောကြာ လား"တဲ့။ ' ဟုတ်မေ '။ "ဘာပြောမလို့လဲ"။ 'ဘာမှမဟုတ်ပါဘူး သားပြီးမှ ပြန်လာခဲ့မယ် 'ဆိုပြီး ပြန်တက်လာခဲ့လိုက်သည်။"

" နာရီဝက်လောက်ကြာတော့ ကျနော်ပြန်ဆင်းသွားသည်။ မေမေထမင်းစားနေသည်။ မေမေနှင့် စကား ခဏပြောပြီး မေမေ့ကို ထိုင်ရှိခိုးလိုက်သည်။ ထုံးစံအတိုင်း မေမေ ဆုပေးသည်။ မေမေပေးတဲ့ဆုက နားထောင်လို့ကောင်းလိုက်တာ။ ဆုပေးပြီး မေမေကမေးသည် "ခရီးသွား စရာရှိလို့လား"တဲ့။ ကျနော့်မှာ ပြန်ဖြေစရာမရှိခဲ့ပါ။ "မရှိပါဘူးမေ " လို့ပြောပြီး ကျနော်လှည့်ထွက်လာခဲ့သည်။ ဒါပေမယ့် ကျနော်ပြန်ဖြေလိုက်ချင်တာက "မေမေ့ရဲ့ ဆုပေးတဲ့ ဆုပေးသံလေးကြားချင်လို့ပါ"။ " ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ သမီးလေးကြာင့် မိဘမေတ္တာတရား ပိုပြီးသိနားလည်ခဲ့ရတဲ့အကြောင်းကို ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။

ကိုယ်အရမ်းချစ်ရတဲ့ မိန်းမနဲ့ ယှဉ်ရင်တောင် မိဘကို အမြဲ နံပါတ်တစ်နေရာမှာထားပြီး ရိုသေကိုင်းရှိုင်းခဲ့တဲ့ ဖိုးသောကြာရဲ့စာသားလေးကို ဖတ်ရင်း သူ့ရဲ့စိတ်ဓာတ်လေးကို ပရိသတ်ကြီးလည်း သဘောကျ နှစ်သက် ကြည်နူးမိမယ်လို့ ထင်ပါတယ်။ သမီးလေး ရွှေသုကြောင့် မိဘပေါ်ထားရှိရမယ့် မေတ္တာအသိတရားတွေကို ထပ်မံရရှိခဲ့တဲ့ ဖိုးသောကြာရဲ့ "မရွှေသုပေးတဲ့ အသိ" လေးကို သဘောကျ နှစ်သက်မိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Pho Thauk Kyar's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။