တောင်ကိုရီးယားတစ်နိုင်ငံလုံးရဲ့ သည်းသည်းလှုပ်ချစ်ခင်ခြင်းကို ခံယူထားရတဲ့သူ (၅) ဦး

Posted on - Jan 11 []

Zue

စာရေးသူ

တောင်ကိုရီးယားပြည်သူတွေဟာ ချမ်းသာကြွယ်ဝပြီး တိုးတက်တဲ့နိုင်ငံမှာ နေကြရတဲ့သူတွေဖြစ်ပေမယ့်လည်း မျိုးချစ်စိတ်ဓာတ်အလွန်ပြည့်ဝကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့လူမျိုးနဲ့ နိုင်ငံကို အလွန်ချစ်ကြတဲ့သူတွေဖြစ်ပြီး လူတစ်ယောက်ရဲ့လုပ်ရက်က ချီးကျူးစရာအလွန်ကောင်းနေပြီ (ဒါမှမဟုတ်) နိုင်ငံအတွက် ဂုဏ်တက်အောင်လုပ်နိုင်ပြီဆိုရင် အဲဒီလူတစ်ယောက်ကို အမြတ်တနိုးတန်ဖိုးထားတတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် လူ (၅) ယောက်ကလည်း သူတို့ကျွမ်းကျင်ရာ နယ်ယ်အသီးသီးမှာ အောင်မြင်ကြတဲ့သူတွေဖြစ်ပြီး သူတို့နိုင်ငံအတွက် မေ့မရနိုင်တဲ့အမှတ်တရတွေကို ဖော်ဆောင်ပေးခဲ့ကြသူတွေဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြပါဦးနော်။

1. Lee Cook Jong

ခွဲစိတ်ဆရာဝန် Lee Cook Jong ဟာ မြောက်ကိုရီးယားမှ တိုက်ခိုက်သူတစ်ဦးရဲ့ ဒဏ်ရာကို ဦးဆောင်ပြီးခွဲစိတ်ပေးခဲ့သူတစ်ဦးအဖြစ် အခုအချိန်မှာ လူသိများနေတဲ့ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ရန်ဖက်ဖြစ်တဲ့ မြောက်ကိုရီးယားမှသူတစ်ဦးကို သေမင်းရဲ့ခံတွင်းဝမှ ဆွဲထုတ်ပေးခဲ့တဲ့ သူ့ရဲ့လူသားချင်းစာနာစိတ်၊ ဆရာဝန်ပီသတဲ့စိတ်ဓါတ်တို့ဟာ လူအများအတွက်တော့ ချီးကျူးလေးစားစရာပါ။ ဒါပေမယ့် သူဟာ နိုင်ငံ့ရဲ့သူရဲကောင်းအဖြစ် အသတ်မှတ်ခံခဲ့ရတာ ယခုမှမဟုတ်ပဲ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ ဆိုမာလီဓားပြတွေရဲ့သေနတ်နဲ့ ပစ်ခတ်ခြင်းကို ခံထားရတဲ့ သင်္ဘောကပ္ပတိန်တစ်ဦးကို သူကိုယ်တိုင် အသက်အန္တရာယ်ရှိနေတဲ့ကြားနေရအောင် ကယ်တင်ခဲ့သူပါ။ Golden Time, Romantic Doctor, Teacher Kim ဆိုတဲ့ ဇာတ်လမ်းတွဲများဟာ Lee Cook Jong ရဲ့ဘ၀ဇာတ်လမ်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေဖြစ်ပါတယ်။

2. Yoo Jae Suk

Kpop ကို ကြိုက်နှစ်သက်သူတွေထဲမှာ Yoo Jae Suk ကိုတော့ မသိတဲ့သူမရှိသလောက်ပါပဲနော်။ ကိုရီးယားရဲ့ရသစုံလင်အစီအစဉ်တွေကို ကြည့်တတ်တဲ့သူတွေဆိုရင်လည်း Yoo Jae Suk ရဲ့ သဘောထားပြည့်ဝပြီးကောင်းမွန်တဲ့ အကြောင်းတွေကို ကြည့်ဖူးကြ၊ ကြားဖူးကြမှာပါ။ သူ့ရဲ့ကြင်နာတတ်မှု၊ သဘောထားပြည့်ဝမှုသတင်းတွေက မကြာခဏကြားနေရပေမယ့်လည်း ကြားရတာ မကုန်ဆုံးနိုင်ပါဘူး။ Yoo Jae Suk ဟာ သူ့ရဲ့နွေးထွေးမှုနဲ့ လူတစ်ယောက်ရဲ့ဘ၀ကိုလည်း ကယ်တင်ဖူးတဲ့တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ လူသားချင်းစာနာမှု၊ တာဝန်ယူတတ်မှုတွေကြောင့် လူချစ်ခံရတာတင်မဟုတ်ပဲ မိမိကိုယ်ကို နှိမ့်ချတတ်မှုတွေကလည်း လူအများရဲ့ချီးကျူးလေးစားခံရခြင်းတွေကိုပါ ရရှိထားတဲ့သူတစ်ဦးဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။

3. Kim Yuna

တောင်ကိုရီးယားနိုင်ငံရဲ့ ရေခဲပြင်စီးစကိတ်အလှမယ်တစ်ဦးဖြစ်တဲ့ Kim Yuna ကိုလည်း Kpop ပရိသတ်တွေ စိမ်းကြလိမ့်မယ်မထင်ပါဘူး။ တောင်ကိုရီးယားရဲ့ ရိုးရာအားကစားတွေထဲမှာ မပါဝင်တဲ့ ရေခဲပြင်စကိတ်စီးနည်းကို ကျွမ်းကျင်ပိုင်နိုင်စီးတတ်ပြီး အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ယူနိုင်ခဲ့တဲ့ Kim Yuna ကိုတော့ တောင်ကိုရီးယားပြည်သူတွေက နိုင်ငံ့ဂုဏ်ဆောင်တဲ့သူတစ်ဦးအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ သူမရဲ့အလှကြောင့်လည်း နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး အလှဆုံးစကိတ်အလှမယ် အယောက်(၁၀၀) စာရင်းမှာ နံပါတ် ၁ နေရာကို ရရှိထားသူတစ်ယောက်ပါ။

4. Park Ji Sung

Park Ji Sung ကိုတော့ Kpop ပရိသတ်တွေသာမက ဘောလုံးပရိသတ်တွေကပါ သိကြ၊ မှတ်မိကြမှာပါနော်။ Park Ji Sung ဟာ ၂၀၁၄ ခုနှစ်က ဘောလုံးကစားသမားမှ အနားယူသွားခဲ့ပေမယ့် တောင်ကိုရီးယားပြည်သူတွေကတော့ သူ့ကို တောင်ကိုရီးယားဘောလုံးအသင်းရဲ့ ထာဝရခေါင်းဆောင်တစ်ဦးအဖြစ်မှတ်ယူပြီး အသိအမှတ်ပြုနေကြဆဲပါ။ သူဟာ နာမည်ကြီးဘောလုံးအသင်းဖြစ်တဲ့ Manchester United အသင်းကနေ ကမ်းလှမ်းခံရတဲ့ ပထမဆုံး အာရှသားတစ်ဦးဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘောလုံးကစားသမားဘ၀ကနေ အနားယူခဲ့ပြီးဖြစ်ပေမယ့် တောင်ကိုရီးယားနိုင်ငံအသင်းအတွက် နောက်ခံကျောရိုးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

5. Ham Young Jun

အသင့်စား အစားအသောက်ကုမ္ပဏီ Ottogi ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Ham Young Jun ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၄၇ ယောက်မြောက် အချမ်းသာဆုံးသူတစ်ဦးဖြစ်ပါတယ်။ Forbes ရဲ့ထုတ်ပြန်ချက်အရ Ham Young Jun ရဲ့ ၀င်ငွေဟာ ဒေါ်လာသန်းပေါင်း ၇၇၅ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပေမယ့်လည်း တာဝန်ယူတတ်တဲ့ စီမံခန့်ခွဲမှု၊ အလုပ်သမားတွေကို စာချုပ်နဲ့ မချုပ်ကိုင်ထားမှုတွေက သူ့ကို တောင်ကိုရီးယားပြည်သူတွေရဲ့ အကြိုက်နှစ်သက်ဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်သို့ ရောက်ရှိစေပါတယ်။

ဒီလူ (၅) ယောက်ရဲ့ စိတ်ဓါတ်နဲ့ အကျင့်တွေက အတုယူဖို့ကောင်းတဲ့အရာတွေဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။