ဟက်ဒါဖီးလ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို ဆက်လက်ဆုပ်ကိုင်ထားတဲ့ အာဆင်နယ်

Posted on - Feb 10 []

Htoo Yan Ag

စာရေးသူ

ပရီးမီးယားလိဂ်ပွဲစဉ်၂၆အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟက်ဒါဖီးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည့် အာဆင်နယ်အသင်းဟာ (၁-၂)ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းနိုင်ပွဲရယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်အိပ်မက်ကို ဆက်လက်ဆုပ်ကိုင် ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၉ခုနှစ်အတွင်း ပထမဆုံး အဝေးကွင်းနိုင်ပွဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ ပွဲထွက်လူစာရင်းမှာ အိုဇေးလ် ၊ အူဘာမီယန် စတဲ့ အဓိက ကစားသမားအချို့ကို ချန်လှပ်ပြီး အီဝိုဘီ ၊ မစ်ခီတာရန် ၊ လာကာဇက်တီ တို့ကို ပွဲထုတ်ကာ ၃-၄-၃ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရှုံးပွဲဆက်နေခဲ့တဲ့ ဟက်ဒါဖီးလ်အသင်းကလည်း အာဆင်နယ်အသင်းထံကနေ အမှတ်တွေခွဲယူနိုင်ဖို့အတွက် လူငယ်ကစားသမားတွေကို ထုတ်သုံးကာ အပြန်အလှန်ထိုးဖောက်ကစားခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန် ၁၆မိနစ်အရောက်မှာပဲ အာဆင်နယ်အသင်းအဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဘယ်တောင်ပံကနေ နောက်ခံကစားသမား ကိုလာဆီနက် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထဲမှာစောင့်နေတဲ့ အီဝိုဘီက မြေမကျကန်သွင်းရာမှာ ဟက်ဒါဖီးလ် နောက်ခံလူနဲ့ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီးမှာလည်း အာဆင်နယ်အသင်းက ဒုတိယမြောက် ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ တောင်ပံကစားသမား မိတ်လန်းနိုင်းစ် ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် တိုက်စစ်မှူး လာကာဇက်တီက အသာအယာ ပိတ်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ အနိုင်ရလဒ်ကို ထိန်းကစားဖို့ ကြိုးစားခဲ့ပါတယ်။ တော်ရဲရား ၊ မစ်ခီတာရန် ၊ အီဝိုဘီတို့ရဲ့ နေရာမှာ အယ်နန်နီ ၊ ဒင်းနစ်ဆွာရက်ဇ် ၊ ဝီလ်လော့တို့ကို ထည့်သွင်းကစားစေခဲ့ပေမယ့် နာကျင်အချိန်ပို အရောက်မှာတော့ ချေပဂိုး တစ်ဂိုး ပြန်လည် ခွင့်ပြုပေးလိုက်ရပါတယ်။

အာဆင်နယ်အသင်းရဲ့ ခံစစ်ကစားပုံ လျော့ရဲမှုမှတဆင့် ဟက်ဒါဖီးလ်တိုက်စစ်မှူး လီနိုနဲ့ တစ်ဦးချင်းအတွေ့ ကန်သွင်းလိုက်တဲ့ ဘောလုံးကို နောက်ခံလူ ကိုလာဆီနက် ရှင်းထုတ်ပုံညံ့ဖျင်းခဲ့ကာ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာမှာပဲ ဆက်လက်ရပ်တည်နေပေမယ့် အဆင့်၎နဲ့၅နေရာတို့မှာ အသီးသီးရှိနေကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ကို ဖိအားပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။