ဘုန်းမောက်ကို ဂိုးပြတ်သွင်းယူပြီး ဇယားထိပ်ကို ပြန်လည်ရောက်ရှိသွားတဲ့ လီဗာပူး

Posted on - Feb 10 []

Htoo Yan Ag

စာရေးသူ

ယမန်နေ့က ပရီးမီးယားလိဂ်ပွဲစဉ် ၂၆အဖြစ် အန်းဖီးလ်ကွင်းမှာကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ ပွဲစဉ်မှာတော့ ကြိုးကြာနီတွေဟာ သုံးဂိုးပြတ်သွင်းယူပြီး နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို သုံးမှတ်ဖြတ်ကာ ဇယားထိပ်ကို ပြန်လည်ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးအသင်းရဲ့ ဖိအားပေးခြင်းခံနေရတဲ့ လီဗာပူးအသင်းဟာ ပွဲထွက်လူစာရင်းမှာ ကွင်းလယ်ပိုင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဖာဘင်ဟို ၊ ကီတာတို့ကို ဝစ်ဂ်ျနယ်လ်ဒန်နဲ့ တွဲဖက်ပေးခဲ့ကာ အခြားတိုက်စစ်ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဘုန်းမောက်အသင်းကတော့ တိုက်စစ်မှူး ဂျိုရှူအာကင်းကို အထောင်ထားပြီး ၄-၅-၁ပုံစံနဲ့ လီဗာပူးအသင်းကို ရင်ဆိုင်ခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းဘက်ကို တရစပ်တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ၂၄မိနစ်အရောက်မှာတော့ နောက်ပိုင်းပွဲစဉ်တွေမှာ လီဗာပူးအတွက် ပုံမှန်ဂိုးသွင်းပေးနေတဲ့ တိုက်စစ်မှူး မာနေးက ဂျိမ်းစ်မီလ်နာရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်အဆုံးသတ်ပြီး ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းဘက်ကို ထိထိရောက်ရောက် တိုက်စစ်ဆင်ကစားနိုင်ခြင်းမရှိခဲ့ပဲ လီဗာပူးအသင်းရဲ့ ထိုးဖောက်မှုများကိုသာ အချိန်ပြည့် ရှင်းထုတ်နေခဲ့ရပါတယ်။

ပွဲကစားချိန်၃၄မိနစ်မှာတော့ ကွင်းလယ်ကစားသမား ဝစ်ဂ်ျနယ်လ်ဒန်က ရှေ့ထွက်နေတဲ့ ဂိုးသမား ဘိုရပ်ကို အသာအယာကျော်သွင်းပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာမီမှာပဲ လီဗာပူးအသင်း နောက်ထပ်တစ်ဂိုးထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဖာမီနိုလွတ်ထွက်သွားပြီး နောက်ပေါက်နဲ့ပြန်ချပေးတဲ့ဘောလုံးကို ဆာလတ်က တည်တည်ငြိမ်ငြိမ် ကန်သွင်းခဲ့တာပါ။

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးအသင်းဟာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒုတိယနေရာက သုံးမှတ်အဖြတ်ခံထားရတဲ့ မန်စီးတီးအသင်းဟာ ယနေ့ည ၁၀း၃၀ အချိန်မှာတော့ ပထမအကျော့က အရေးနိမ့်ထားခဲ့တဲ့ နည်းပြဆာရီရဲ့ ချယ်ဆီးအသင်းနဲ့ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်သွားရမှာလည်း ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။