မက်ဒရစ်ဒါဘီမှာ ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

Posted on - Feb 10 []

Htoo Yan Ag

စာရေးသူ

လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်၂နဲ့ ၃နေရာမှာ အသီးသီးရပ်တည်နေကြတဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ ပုံစံကောင်းပြသပြီး (၁-၃) ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ ရရှိကာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ တိုက်စစ်မှာအသစ်ခေါ်ယူထားတဲ့ မိုရာတာကို ဂရစ်ဇ်မန်းနဲ့ တွဲဖက်စေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဂိုးသွင်းခြေပြန်တွေ့နေတဲ့ ဘန်ဇီမာကို လူငယ်ကစားသမားတွေဖြစ်တဲ့ လူးကပ်စ်ဗက်စ်ကွက်ဇ် ၊ ဗင်နီးစီးယပ် ဂျူနီယာတို့နဲ့ တွဲဖက်ပြီး ပွဲထုတ်ခဲ့ပါတယ်။ မက်ဒရစ်ဒါဘီဖြစ်တာနဲ့အညီ ပွဲစကတည်းက နှစ်သင်းစလုံးဟာ အဝင်အထွက် ခပ်ကြမ်းကြမ်းကစားခဲ့ကြပြီး ဒိုင်လူကြီးက အဝါကဒ်ကို မကြာခဏ အသုံးပြုပြီး ပွဲကို ထိန်းနေခဲ့ရပါတယ်။

ပထမပိုင်း ၁၅မိနစ်အရောက်မှာတော့ ဧည့်သည့်ရီးရဲလ်မက်ဒရစ်အသင်းက ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။ အဆိုပါထောင့်ကန်ဘောကို ကန်တင်ပေးလိုက်ရာမှာ အက်သလက်တီကို နောက်ခံလူတွေ ရှင်းထုတ်ပုံမသေသပ်မှုမှတဆင့် ပြန်ကျလာတဲ့ ဘောလုံးကို ကွင်းလယ်ကစားသမား ကက်စ်မဲရိုးက မြေမကျ နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူပေးခဲ့ပါတယ်။ ၂၅မိနစ်မှာတော့ အက်သလက်တီကိုတို့ ချေပဂိုး ပြန်လည်ရရှိသွားခဲ့ပါတယ်။

တောင်ပံကစားသမား အိန်ဂျယ်ကော်ရီယာ မျှောထိုးပေးလိုက်တဲ့ဘောလုံးဟာ တိုက်စစ်မှူး ဂရစ်ဇ်မန်း ထံရောက်ရှိသွားပြီး တစ်ကိုယ်တော်ဆွဲပြေးကာ ဂိုးသမား ကော်တိုရစ်ရဲ့ ခြေထောက်ကြားထဲကနေ သွေးအေးအေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီးမှာပဲ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီးဆီးယပ်ဂျူနီယာကို ဆွဲထားခဲ့တာကြောင့် ပင်နယ်တီရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်း၅၄မိနစ်အရောက်မှာတော့ တိုက်စစ်မှူး မိုရာတာ ဂိုးသမားကောတိုရစ်နဲ့ တစ်ဦးချင်းအတွေ့မှာ အသာအယာကျော်သွင်းပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးက လူကျွံဘောအဖြစ်သတ်မှတ်ခဲ့လို့ အိမ်ရှင်အသင်းနစ်နာခဲ့ရပါတယ်။ ၇၄မိနစ်မှာ လူစားဝင်ကစားသမား ဂါရတ်ဘေးလ်က တန်ပြန်တိုက်စစ်ကနေတဆင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မိနစ်၈၀မှာတော့ အက်သလက်တီကို အသင်းရဲ့ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေး နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ကျန်ပွဲကစားချိန်များမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ တစ်ယောက်လျော့နေပြီဖြစ်တဲ့ အက်သလက်တီကိုအသင်းကို ထိန်းကစားရင်း မက်ဒရစ်ဒါဘီမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်၂နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။