ယူနိုက်တက်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကာဗာနီ လွဲချော်မည်

Posted on - Feb 10 []

Htoo Yan Ag

စာရေးသူ

ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကာဗာနီဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘော်ဒိုးအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့် ဖေဖော်ဝါရီလ၁၃ရက်နေ့မှာကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို သေချာပေါက် လွဲချော်သွားတော့မှာလည်း ဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူး အက်ဒီဆင်ကာဗာနီဟာ အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားရမယ့် ချန်ပီယံလိဂ်၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို သေချာပေါက်လွဲချော်သွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကိုတောင် ပါဝင်ဖို့မသေချာဘူးလို့သိရပါတယ်။ အခြားတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ နေမာဟာလည်း ဒဏ်ရာပြသနာကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်ရမယ့် အခြေအနေမှာ ကာဗာနီပါ ထပ်မံဒဏ်ရာရသွားခဲ့ခြင်းဟာ နည်းပြတူချယ်လ်ရဲ့ ပီအက်စ်ဂျီအသင်းကို ပိုမိုအကျပ်ရိုက်စေခဲ့ပါတယ်။

မနေ့ကကစားခဲ့တဲ့ ပွဲစဉ်မှာ အသက်၃၁နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပြီးနောက် ပထမပိုင်းပြီးခါနီးမှာပဲ ဒဏ်ရာရရှိခဲ့ကာ အမ်ဘက်ပီနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ " ကာဗာနီမပါဝင်နိုင်ခြင်းဟာ ကျွန်တော်တို့အတွက် ခက်ခဲစေပါတယ်။ " လို့ ပီအက်စ်ဂျီနည်းပြ တူချယ်လ်မှ ညည်းတွားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်နဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲမှာ အမ်ဘက်ပီ ၊ ဒီမာရီယာ ၊ ဒရက်ဇ်လာတို့ကိုသာ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ဒဏ်ရာပြသနာများနဲ့ ရင်ဆိုင်နေရပြီး အဓိကတိုက်စစ်မှူးနေမာဟာလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဆယ်ပတ်ခန့်အနားယူနေရတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့သူ့ရဲ့ ၂၇နှစ်မြောက်မွေးနေ့ပွဲကိုလည်း ဂျိုင်းထောက်ကို အသုံးပြုပြီးတက်ရောက်ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာ နေမာ ၊ ကာဗာနီ နဲ့ မူနီယာတို့ရှိနေပေမယ့် ကွင်းလယ်လူ ဗာရက်တီကတော့ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။ ကာဗာနီဟာ ယူနိုက်တက်နဲ့ ကစားမယ့် ပထမအကျော့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပေမယ့် မတ်လ၆ရက်နေ့မှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။