အီတီဟတ်မှာ ချယ်ဆီးအသင်းကို ဂိုးပြတ်ချေမှုန်းပြီး ဇယားထိပ်မှာနေရာပြန်ယူလိုက်တဲ့ မန်စီးတီး

Posted on - Feb 11 []

Htoo Yan Ag

စာရေးသူ

မနေ့ညက အီတီဟတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်မန်စီးတီးအသင်းဟာ အဂူရိုရဲ့ဟက်ထရစ်ဂိုးအပါအဝင် ၆ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို လီဗာပူးအသင်းထံမှ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ အဂူရို ၊ စတာလင် ၊ ဘာနာဒိုဆေးလ်ဗား ၊ ဒီဘရိုင်း စတဲ့ အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဆာရီရဲ့ ချယ်ဆီးအသင်းကလည်း ဟာဇက် ၊ ဟီဂူအင် ၊ ပတ်ဒရို တို့ကို ပွဲထုတ်ကစားစေခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပွဲစကတည်းက ချယ်ဆီးအသင်းဘက်ကို ဖိအားပေးကစားခဲ့ပြီး ၄မိနစ်မှာကတည်းက စတာလင်ရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ၁၃မိနစ်အရောက်မှာတော့ အဂူရိုက ချယ်ဆီးအသင်းရဲ့ ဧရိယာထိပ်ကနေ လှလှပပကန်သွင်းယူပေးခဲ့ပြီး ၁၉မိနစ် မှာလည်း ဘာကလေရဲ့ နောက်ပြန်ခေါင်းတိုက်ပေးပို့မှု မသေသပ်ရာကနေ တတိယမြောက် ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ တစ်ခါထိုးဖောက်လာတိုင်း တစ်ဂိုးရသလို ဖြစ်နေခဲ့ပြီး ပွဲချိန် ၂၅မိနစ်မှာလည်း ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က သွင်းယူပေးနိုင်ခဲ့လို့ ပထမပိုင်း မပြီးခင်မှာပဲ လေးဂိုးပြတ်နဲ့ ချယ်ဆီးအသင်းကို အနိုင်ရနေခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပွဲကစားချိန်တစ်လျှောက်လုံး မန်စီးတီးအသင်းရဲ့ ကစားကွက်အောက်ကို ကျရောက်နေခဲ့ရပြီး ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒုတိယပိုင်း၅၆မိနစ်မှာလည်း ချယ်ဆီးနောက်ခံလူ အက်စ်ပီလီကျူတာ က စတာလင်ကို ဧရိယာထဲမှာဆွဲလှဲခဲ့လို့ ပင်နယ်တီ ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။

အဆိုပါ ပင်နယ်တီကိုတော့ တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အဂူရိုက ဟက်ထရစ်သွင်းဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။ အပြတ်အသတ်အသာရနေတဲ့ မန်စီးတီးအသင်းဟာ ဂျီးဆပ် ၊ မာရက်ဇ် ၊ ဒေးဗစ်ဆေးလ်ဗား တို့ကို ထပ်မံထည့်သွင်းစေခဲပြီး မိနစ်၈၀မှာတော့ စတာလင်ကပဲ ၆ဂိုးမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာကို တက်လှမ်းသွားခဲ့ရပြီး ချယ်ဆီးအသင်းကတော့ အဆင့်၎နေရာကို ယူနိုက်တက်အသင်းထဲ လွှဲပြောင်းပေးခဲ့ရကာ နည်းပြဆာရီရဲ့ အနာဂတ်ဟာလည်း မသေချာတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။