ရော်နယ်လ်ဒို ခြေစွမ်းပြခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်

Posted on - Feb 11 []

Htoo Yan Ag

စာရေးသူ

ယခုအပတ်ရဲ့ စီးရီးအေပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆက်ဆူအိုလို အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဂျူဗင်တပ်စ်အသင်းဟာ ခရစ်စတီယာနို ရော်နယ်လ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရော်နယ်လ်ဒိုဟာ အသင်းအတွက်ကိုယ်တိုင်တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ကာ အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီဟာ တိုက်စစ်မှာ ရော်နယ်လ်ဒို ၊ မန်ဇူကစ် ၊ ဘာနာဒက်ချီတို့ကို ထားကာ ပီယာနစ် ၊ ခီဒီရာ ၊ မာတွီဒီတို့နဲ့ ၄-၃-၃ ပုံစံဖြင့် ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင် ဆက်ဆူအိုလိုအသင်းကလည်း ဂျူဗင်တပ်စ်အသင်းကိုအဓိက ကစားသမား အစုံအလင်နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစလို့ ၅မိနစ်မှာပဲ ဆက်ဆူအိုလိုအသင်းရဲ့ တိုက်စစ်မှူး နဲ့ ဂျူဗင်တပ်စ် ဂိုးသမား ဆက်ဇ်စနီတို့ တစ်ဦးချင်းရင်ဆိုင်အတွေ့မှာ ဂိုးသမားထွက်ဆွဲတာမြန်ခဲ့လို့ ဂျူဗင်တပ်စ်အသင်း သက်သာရာရခဲ့ပါတယ်။

ပွဲကစားချိန် ၂၃မိနစ်မှာတော့ ကွင်းလယ်ကစားသမား ခီဒီရာက ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲဟာအနည်းငယ်ကြမ်းတမ်းခဲ့ပြီး ဒိုင်လူကြီးအနေနဲ့ အဝါကဒ်ကို အသုံးပြုပြီး ပွဲကို ထိန်းသိမ်းနေခဲ့ရပါတယ်။ မိနစ် ၇၀အရောက်မှာတော့ ထောင့်ကန်ဘောမှတဆင့် ပီယာနစ်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ရော်နယ်ဒိုက အကောင်းဆုံး ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမှာတော့ ရော်နယ်ဒိုရဲ့ နေရာယူမှုနဲ့ အဆုံးသတ်စွမ်းရည်တို့ကို မြင်တွေ့ခဲ့ရပါတယ်။

နည်းပြအယ်လီဂရီိက ဒိုင်ဘားလား ၊ အမ်မရီကန် တို့ကို ထပ်မံထည့်သွင်းစေခဲ့ပြီး ပွဲကစားချိန် ၈၆မိနစ်အရောက်မှာတော့ ရော်နယ်လ်ဒိုရဲ့ ဖန်တီးပေးပို့မှုကို အမ်မရီကန်က လှလှပပ အဆုံးသတ်ပေးခဲ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့  အနိုင်ပွဲကို ပိုမိုပြတ်သားစေခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိ စီးရီးအေအမှတ်ပေးဇယားမှာတော့ ဒုတိယနေရာက နာပိုလီအသင်းကို ၁၁မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ချန်ပီယံဖြစ်ဖို့ ဖိအားကြီးကြီးမားမား မရှိတော့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆အသင်းအဆင့် ရှုံးထွက်ပထမအကျော့ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာလည်း ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။