မန်စီးတီးအသင်းကို ရှုံးနိမ့်အပြီး တစ်ရာသီစာလက်မှတ်များကို လွှင့်ပစ်ခဲ့ကြတဲ့ ချယ်ဆီးပရိသတ်များ

Posted on - Feb 11 []

Htoo Yan Ag

စာရေးသူ

ချယ်ဆီးအသင်းရဲ့ အမာခံပရိသတ်များဟာ မနေ့ညက အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းကို ၆ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ဒေါသပေါက်ကွဲကာ သူတို့ရဲ့ တစ်ရာသီစာလက်မှတ်များကို လွှင့်ပစ်ခဲ့ကြပါတယ်။ ချယ်ဆီးအသင်းဟာ အဆိုပါရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်၆နေရာအထိ ကျဆင်းသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ တစ်ရာသီလုံးစာ ပွဲကြည့်ရှုခွင့်လက်မှတ်များကို ကိုင်ဆောင်ထားတဲ့ ပရိသတ်များဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်အပြီးမှာ သူတို့ရဲ့ လက်မှတ်များကို အီတီဟတ်ကွင်းရဲ့ ပွဲကြည့်စင်အတွင်း လွှင့်ပစ်ခဲ့ကြတာဖြစ်ပြီး မန်စီးတီးအသင်းရဲ့ သန့်ရှင်းရေးအဖွဲ့ဝင်တွေက အဆိုပါလက်မှတ်များကို လိုက်လံသိမ်းဆည်းခဲ့ရပါတယ်။ ချယ်ဆီးအသင်းဟာ အဝေးကွင်းသုံးပွဲဆက်တိုက် သွင်းဂိုးမရရှိပဲ အရေးနိမ့်ခဲ့တာဖြစ်ပြီး ၁၉၉၁ခုနှစ် ဒီဇင်ဘာလက စံချိန်ဟောင်းကို ပြန်လည် လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ပထမပိုင်း ပွဲချိန် ၂၅မိနစ်ကတည်းက စတာလင် ၊ အဂူရို ၊ ဂန်ဒိုဂန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၄ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာလည်း အဂူရိုရဲ့ ဟက်ထရစ်ရစေမယ့် ပင်နယ်တီဂိုး ၊ စတာလင်ရဲ့ ပွဲသိမ်းဂိုးတို့ကို ထပ်မံခွင့်ပြုပေးခဲ့ရပါတယ်။ ချယ်ဆီးအသင်းဟာ သူတို့ရဲ့ အဆင့်၎နေရာကို မန်ချက်စတာယူနိုက်တက်အသင်းထံ လွှဲပြောင်းပေးခဲ့ရပြီး အာဆင်နယ်အသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့်၆နေရာအထိ ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပရိသတ်များကလည်း ချယ်ဆီးအသင်းကို " မင်းတို့မော်ရင်ဟိုကို လိုနေပြီမလား " ဟု လှောင်ပြောင်သရော်ခဲ့ကြကာ ချယ်ဆီးပရိသတ်တွေရဲ့ ဒဏ်ရာကို ဆွခဲ့ပါတယ်။ ချယ်ဆီးအသင်းအနေနဲ့ အဆင့်၆နေရာကို ကျရောက်အပြီးမှာတော့ နည်းပြဆာရီဟာလည်း အသင်းကနေ ထုတ်ပယ်ခံရဖို့ ရေပန်းစားလာခဲ့ပါတယ်။ ချယ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ခါရာဘောင်ဖလား ဗိုလ်လုပွဲအဖြစ် ထပ်မံတွေ့ဆုံ ယှဉ်ပြိုင်ကစားရဦးမှာလည်း ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။