ပေါ့ဘာရဲ့ ကစားသမားဘဝဟာ ဆိုးလ်ရှားကြောင့် ပိုမိုတောက်ပလာကြောင်း ချီးကျူးလိုက်တဲ့ အလန်ရှီးယား

Posted on - Feb 11 []

Htoo Yan Ag

စာရေးသူ

ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမား အလန်ရှီးယားက ပေါ့ဘာရဲ့ ကစားသမားဘဝဟာ ဆိုးလ်ရှားကြောင့် ပိုမိုတောက်ပလာခဲ့ကြောင်း ချီးကျူးလိုက်ပြီး ဆာဘော်ဘီရောဘ့်ဆင် လက်ထက် နယူးကာဆယ်အသင်းမှာ သူတောက်ပခဲ့တဲ့ ပုံစံအတိုင်း တူညီနေတယ် လို့ နှိုင်းယှဉ်သွားခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာ ပိုမိုလွတ်လပ်စွာကစားရပြီး ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူနေတာပါ။

ကမ္ဘာ့ဖလားဆုရှင် ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြဆိုးလ်ရှားစတင်ကိုင်တွယ်ပြီးနောက် ၁၁ပွဲကစားပြီးချိန်မှာ ၈ဂိုးထိသွင်းယူပြီး ၅ဂိုးဖန်တီးပေးထားကာ ဝေဖန်သံတွေကို နှုတ်ဆိတ်စေခဲ့ပါတယ်။ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်မှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တဲ့ ပေါ့ဘာဟာ ဆိုးလ်ရှားလက်ထက်မှာတော့ မယုံကြည်နိုင်လောက်အောင် တိုးတက်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါဟာ ၁၉၉၉ ခုနှစ်က နယူးကာဆယ်နည်းပြ ရုဒ်ဂူးလစ်နေရာမှာ ဆာဘော်ဘီရော့ဘ်ဆင်ကို အစားထိုးခဲ့တဲ့ ဖြစ်ရပ်ကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။

၁၉၉၉ခုနှစ်က နယူးကာဆယ်တိုက်စစ်မှူး အလန်ရှီးယားဟာ နည်းပြသစ် ဆာဘော်ဘီရော့ဘ်ဆင် မရောက်ရှိခင် ၉ပွဲမှာ ၁ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် သူရောက်ရှိလာပြီး ရှက်ဖီးလ်ဝင်းနက်စ်ဒေး အသင်းနဲ့ ကစားခဲ့ရတဲ့ ပထမဦးဆုံးအိမ်ကွင်းပွဲစဉ်မှာတော့ တစ်ပွဲတည်း၅ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလန်ရှီးယားဟာ ပေါ့ဘာရဲ့အခြေအနေကို သူ့ရဲ့ အဖြစ်အပျက်နဲ့ ဆင်တူနေတယ်လို့ ခိုင်းနှိုင်းထားတာ ဖြစ်ပါတယ်။

" ကစားသမားနဲ့ နည်းပြအကြားက ဆက်ဆံရေးဟာ အသင်းရဲ့ရလဒ်အတွက်အရေးပါပြီး သူတို့နှစ်ဦးအဆင်မပြေတဲ့အခါမှာ တစ်ယောက်ယောက်က အသင်းကနေထွက်ခွာသွား ရပါမယ်။မော်ရင်ဟို ဟာအသင်းမှာ ပေါ့ဘာကို အလိုမရှိခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ပေါ့ဘာရဲ့အကြောင်းကို ကောင်းကောင်းနားလည်ထားပြီး ဘယ်လိုအသုံးချရမလဲဆိုတာ သူနားလည်ပါတယ်။ ဆိုးလ်ရှားနဲ့ ပေါ့ဘာရဲ့ ဇာတ်လမ်းနဲ့ ကျွန်တော်နဲ့ ဆာဘော်ဘီရော့ဘ်ဆင်တို့ကို ပြန်လည် အမှတ်ရစေပါတယ်။ " လို့ အလန်ရှီးယားမှ ပြောကြားသွားခဲ့ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။