ပီအက်စ်ဂျီအသင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာနှစ်ခုကို ပြောပြလိုက်တဲ့ ဂိုးသမားဘူဖွန်

Posted on - Feb 11 []

Htoo Yan Ag

စာရေးသူ

ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမားဘူဖွန်ဟာ ဖေဖော်ဝါရီလ၁၃ရက်နေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်အတွက် အသင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာနှစ်ခုကို ပြောပြသွားခဲ့ပါတယ်။ ဘူဖွန်ဟာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား နှစ်ဦးဖြစ်ကြတဲ့ ကာဗာနီနဲ့ နေမာတို့ ယူနိုက်တက်နဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်တာကြောင့် ဆိုးဆိုးရွားရွားရလဒ်ထွက်ပေါ်လာမှာကို စိုးရိမ်နေတာပါ။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သုံးကြိမ်တိတိ တက်ရောက်နိုင်ခဲ့ပြီး သုံးကြိမ်စလုံး အရေးနိမ့်ပြီး ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရတဲ့ အီတလီဂိုးသမားကြီး ဘူဖွန် ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဆုဖလားမျှော်လင့်ချက်ရှိတဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အသက်၄၀အရွယ် ဂိုးသမားကြီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘော်ဒိုးအသင်းကို ၁-၀ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ကာဗာနီဒဏ်ရာရရှိသွားခဲ့တာကြောင့် အသင်းရဲ့ ဒဏ်ရာရကစားသမား များပြားနေမှုကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်။

" ကျွန်တော်တို့ နိုင်ပွဲတွေရရှိနေပေမယ့် ခြေစွမ်းပိုင်းက ဒီထက်ပိုမို တိုးတက်ဖို့လိုပါသေးတယ်။ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားဖို့ စိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်အောင် ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပြီး အနိုင်ရရိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ နေမာနဲ့ကာဗာနီတို့ မပါဝင်နိုင်ပေမယ့် အကောင်းဆုံးရလဒ်ထွက်ပေါ်လာအောင် ကစားနိုင်တဲ့ အရည်အချင်း ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။ " လို့ ဂိုးသမားကြီး ဘူဖွန်မှ ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ အဓိကတိုက်စစ်မှူးနေမာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဆယ်ပတ်ခန့်အနားယူနေရချိန်မှာ ကာဗာနီပါ ထပ်မံဒဏ်ရာရရှိခဲ့တာကြောင့် အသင်းအတွက်တော့ ထိုးနှက်ချက် ကြီးမားခဲ့ပါတယ်။ ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို သေချာပေါက်လွဲချော်မှာ ဖြစ်ပေမယ့် မတ်လ၆ရက်နေ့မှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။ ပီအက်စ်ဂျီအတွက် တစ်ခုတည်းသော သတင်းကောင်းကတော့ ကွင်းလယ်လူ ဗာရက်တီ ပြန်လည်သက်သာလာခြင်းပဲ ဖြစ်ပါတယ်။

REF : mirror
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။