မင်းသား Ju Ji Hoon နဲ့ အတူတူ ယောကျာ်းချင်းကြိုက်နှစ်သက်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ဖူးတဲ့ Kim Jae Wook

Posted on - Feb 11 []

Zue

စာရေးသူ

MRTV-4 ရုပ်သံလိုင်းကနေ လက်ရှိမှာ ထုတ်လွှင့်ပြသလျှက်ရှိတဲ့ 'ဧည့်သည်များ' ကိုရီးယားရုပ်သံဇာတ်လမ်းတွဲဟာဆိုရင် ပရိသတ်တွေအများအပြားရဲ့ စိတ်ဝင်တစားနဲ့ အားပေးခြင်းကိုရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်တွဲဖြစ်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး မကောင်းဆိုးဝါးပူးကပ်မှုအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ထူးခြားဆန်းပြားတဲ့ ဇာတ်လမ်းပုံစံကြောင့်ရော၊ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကြောင့်ပါ အောင်မြင်နေတာဖြစ်ပြီး ထိုသရုပ်ဆောင်တွေထဲကမှ မိန်းကလေးပရိသတ်တွေအများအပြားရဲ့ အားပေးနှစ်သက်ခြင်းကို ရရှိထားတဲ့သူကတော့ အပနှင်တဲ့ဖာသာအဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Kim Jae Wook ပဲ ဖြစ်ပါတယ်။

ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Kim Jae Wook ဟာဆိုရင် ရုပ်ရည်မှာသာမက သရုပ်ဆောင်ပညာမှာလည်း ထူးချွန်ပြောင်မြောက်သူဖြစ်ပါတယ်။ တချို့သောပရိသတ်တွေကတော့ သူ့ကို The Guest ထဲက အပနှင်ထုတ်တဲ့ ဖာသာအဖြစ်နဲ့မဟုတ်ပဲ Coffee Prince ဇာတ်လမ်းတွဲထဲက ဝေဖာတွေပြုလုပ်တဲ့ကောင်လေးတစ်ယောက်အဖြစ်နဲ့ ပိုပြီးအမှတ်ရကြလိမ့်မယ်လို့ ထင်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှုတွေရရှိခဲ့တာမို့လို့ ဇာတ်လမ်းရဲ့ အောင်မြင်မှုအသီးအပွင့်တွေဟာ ဇာတ်ရံအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ Kim Jae Wook တို့ပါ ခံစားခဲ့ကြရပါတယ်။ ပရိသတ်တွေရဲ့ သတိထားမိခြင်းကို ခံခဲ့ရပြီးတဲ့နောက်မှာတော့ Kim Jae Wook ဟာ စိန်ခေါ်မှုတစ်ခုကို စတင်ခဲ့ပါတယ်။

အဲဒါကတော့ Antique Bakery လို့အမည်ရတဲ့ ကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတဲ့ Antique ဆိုတဲ့ ရုပ်ရှင်ကားမှာ ယောကျာ်းချင်းကြိုက်နှစ်သက်တဲ့သူတစ်ယောက်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ လိင်တူကြိုက်နှစ်သက်ခြင်းကို အားမပေးတဲ့တောင်ကိုရီးယားနိုင်ငံမှာ ဒီလိုဇာတ်ရုပ်မျိုးကို တက်သစ်စသရုပ်ဆောင်တစ်ယောက်အနေနဲ့ လက်ခံရိုက်ကူးခဲ့တာဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပြီး ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။

ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားမင်းသားတစ်လက်ဖြစ်တဲ့ Ju Ji Hoon နဲ့အတူတူ ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာ Kim Jae Wook ဟာ Ju Ji Hoon ကို အထက်တန်းကျောင်းသားဘ၀ကတည်းက တစ်ဖက်သက်ကြိုက်နှစ်သက်ရသူအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဆံပင်ရှည်ရှည်လေးနဲ့ နူးနူးညံ့ညံ့သရုပ်ဆောင်ထားတဲ့ Kim Jae Wook ရဲ့ ထိုဇာတ်ကားထဲက ပုံရိပ်ဟာဆိုရင် အခုလက်ရှိ ပရိသတ်တွေရင်းနှီးနေတဲ့ ဖာသာ ပုံရိပ်နဲ့တကယ်ကို ဆန့်ကျင်ဘက်ဖြစ်နေတာကို ကြည့်ရှုခဲ့ဖူးသူ ပရိသတ်တွေ အသိပဲဖြစ်ကြမှာပါ။

Korean Movie Antique 2008Trailer

ဒီရုပ်ရှင်ကားဟာ အောင်မြင်မှာမဟုတ်ဘူးလို့ စတင်ရိုက်ကူးစဉ်အချိန်တုန်းက ခန့်မှန်းထားခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ၅၉ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသဖို့အတွက် ဖိတ်ကြားခံခဲ့ရတဲ့အပြင် ၀င်ငွေတွေလည်း အမြောက်အမြားရရှိခဲ့ကာ အအောင်မြင်ဆုံးသော ကိုရီးယားရုပ်ရှင်ကားတွေထဲက တစ်ကားအဖြစ်နဲ့ သတ်မှတ်ခံခဲ့ရပါတယ်။

သရုပ်ဆောင်စွမ်းရည်ပြည့်ဝလွန်းတဲ့ Kim Jae Wook ကို ဘယ်ဇာတ်ကောင်နဲ့ ပိုပြီးကြိုက်နှစ်သက်မိကြပါသလဲ ပရိသတ်ကြီးရေ။

ဝေဖာပြုလုပ်တဲ့ ကောင်လေးလား။

အပနှင်ထုတ်တဲ့ ဖာသာတစ်ယောက်အနေနဲ့လား။

Voice ဇာတ်လမ်းတွဲထဲက စိတ္တဇလူုသတ်သမားတစ်ယောက်ရဲ့ ဇာတ်ရုပ်ကိုလား။

ဒါမှမဟုတ် ကိတ်မုန့်ဖုတ်တဲ့ uke လေးကိုလား။

Ref : Wiki
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။