ကွာတားဖိုင်နယ်အဆင့်မှာ ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကို ရှောင်လွှဲလိုကြောင်း ဝန်ခံလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

မန်စီးတီးအသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ လာမယ့်ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ပေါ်တူဂီအသင်းဖော် ရော်နယ်လ်ဒိုပါဝင်နေတဲ့ ဂျူဗင်တပ်စ်အသင်းကို ရှောင်လွှဲလိုကြောင်း ဝန်ခံသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ရှော်ကေးလ်အသင်းကို ၇ဂိုးပြတ်အနိုင်ရရှိခဲ့ကာ ဂျူဗင်တပ်စ်အသင်းဟာလည်း ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားက လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းဖော် ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ မန်စီးတီးအသင်းအတွက် ခက်ခဲမယ့်ပြိုင်ဘက်ဖြစ်လာမယ်လို့ ယူဆနေပြီး တွေ့ဆုံလိုခြင်းမရှိတာ ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက " ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်စ်နဲ့သာတွေ့ရင် ကျွန်တော် ပျော်ရွှင်မှာ မဟုတ်ပါဘူး။ ကျွန်တော်သူ(ရော်နယ်လ်ဒို) အကြောင်းကို ကောင်းကောင်းသိပါတယ်။ "

" သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ကြောင်းကို အကြိမ်ကြိမ်သက်သေ ပြပြီးခဲ့ပါပြီ။ ရော်နယ်လ်ဒိုအနေနဲ့ ဘောလုံးလောကမှာ ၁၅နှစ်ကြာ ကျင်လည်ခဲ့ပြီး ဘောလုံးသမိုင်းကြောင်းတစ်လျှောက်ရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ ကစားရတဲ့အခါ ဂျူဗင်တပ်စ်လို ပြိုင်ဘက်ကောင်းနဲ့ တစ်ကြိမ်မဟုတ်တစ်ကြိမ် တွေ့ဆုံရမှာပါပဲ။ "

" ဒါပေမယ့် အခုအဆင့်မှာတော့ ရော်နယ်လ်ဒိုနဲ့ မတွေ့ဆုံချင်သေးပါဘူး။ " လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ နည်းပြ ပက်ဂွာဒီယိုလာကလည်း အသက်၂၄နှစ်အရွယ် ဘာနာဒိုဆေးလ်ဗားဟာ ပေါ်တူဂီရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ရှော်ကေးလ်အသင်းကို ၇ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့ပါသေးတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးအသင်းကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားရရှိဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုများကိုတော့ လာမယ့် သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။