ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ လီဗာပူးမတွေ့ဆုံလိုတဲ့အသင်းကို ပြောပြလိုက်တဲ့ ဂျိမ်းစ်မီလ်နာ

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

လီဗာပူးအသင်းဟာ ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက လာမယ့်ကွာတားဖိုင်နယ်အဆင့်မှာ မတွေ့ဆုံလိုတဲ့ အသင်းအကြောင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပထမအကျော့ အန်းဖီးလ်မှာ ကစားခဲ့စဉ်က ဂိုးမရှိသရေသာ ကစားနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ဖိအားဝင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာတော့ မာနေးရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက လီဗာပူးနောက်ခံလူ မာတစ်ပ်ရဲ့own goalနဲ့ ပြန်လာခဲ့ပေမယ့်လည်း ဗန်ဒိုက်ခ်ျရဲ့ခေါင်းတိုက်ဂိုး၊ မာနေးရဲ့ ပွဲသိမ်းဂိုးတို့နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် ၊ တော့တင်ဟမ်ဟော့စပါး ၊ မန်စီးတီးအသင်းတို့နဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းမှာ တတိယအကြိမ်မြောက် အင်္ဂလန်ကလပ် လေးသင်းစလုံး ကွာတားဖိုင်နယ်ကို တက်ရောက်တဲ့ မှတ်တမ်းတစ်ခုကိုလည်း ရရှိခဲ့ပါတယ်။

မီလ်နာက " ဒါဟာ အင်္ဂလန်ဘောလုံးလောကအတွက် တကယ့်ကိုကောင်းမွန်တဲ့ အချိန်အခါ သမယပါပဲ။ ကျွန်တော်တို့လိုချင်တဲ့အရာကတော့ လာမယ့်အဆင့်မှာ အင်္ဂလန်ကလပ်မဟုတ်တဲ့ တခြားအသင်းနဲ့ပဲ တွေ့ဆုံချင်တာပါ။ ကျွန်တော်တို့အချင်းချင်း ပြန်မတွေ့ချင်ပါဘူး။ ကျွန်တော်တို့ဒီလို အနိုင်ရလဒ်မျိုးကို ရှေ့လာမယ့်ပွဲစဉ်တွေအထိ ဆက်လက်သယ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ " လို့ BT sport ရုပ်သံဋ္ဌာနကို ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့ကာ ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုများကိုတော့ လာမယ့် သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

REF : mirror
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။