ရန်းနက်စ်အသင်းကို ၂ဂိုးသွင်းယူပြီး Black panther မျက်နှာဖုံးဖြင့် အောင်ပွဲခံခဲ့တဲ့ အူဘာမီယန်

Posted on - Mar 15 []

Htoo Yan Ag

စာရေးသူ

အာဆင်နယ်အသင်းဟာ ယနေ့မနက်အစောပိုင်းက ရန်းနက်စ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ ၃ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း (၄-၃)ဂိုးဆိုတဲ့ ရလဒ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကိ တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်ဟာ သွင်ဂိုး၂ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ဆုံး တတိယမြောက်ဂိုးကို သွင်းယူအပြီးမှာ Black panther မျက်နှာဖုံးဖြင့် အောင်ပွဲခံခဲ့ပါတယ်။

ဂါဘွန်နိုင်ငံသား အူဘာမီယန်ဟာ ယခင်အသင်းဟောင်း ဒေါ့မွန် ၊ စိန့်အက်တီယန် အသင်းများမှာ ကစားခဲ့စဉ်ကတည်းက Spider-man , Bat-man စတဲ့ စူပါဟီးရိုး မျက်နှာဖုံးများကို ဝတ်ဆင်ပြီး အောင်ပွဲခံခဲ့ကာ နာမည်ကြီးခဲ့သူဖြစ်ပြီး ယခုအာဆင်နယ်အသင်းအတွက်လည်း စူပါဟီးရိုး တစ်ယောက်ယောက်ရဲ့ မျက်နှာဖုံးကို တပ်ဆင်ပြီး အမ်းမရိတ်မှာ အောင်ပွဲခံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အူဘာမီယန်က " ကျွန်တော့်ကို ကိုယ်စားပြုတဲ့ မျက်နှာဖုံးတစ်ခုကို လိုချင်ခဲ့ပါတယ်။ အဲ့ဒါ ဂါဘွန်က Black panther ပါ။ ကျွန်တော်တို့ရဲ့ ဂါဘွန်လက်ရွေးစင်အသင်းကို Panthersလို့ ခေါ်ကြပြီး အဲ့ဒါဟာ ကျွန်တော့်ကိုလည်း ကိုယ်စားပြုပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။ အူဘာမီယန်ဟာ ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း မျက်နှာဖုံးတပ်ပြီး အောင်ပွဲခံဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အူဘာမီယန်က " ကျွန်တော့်မှာ ထူးထူးခြားခြားအောင်ပွဲခံဖို့ အစီအစဉ်ရှိပေမယ့် ကျွန်တော့်ရဲ့ မျက်နှာဖုံးကို ရှာမတွေ့ခဲ့ပါဘူး။ ကွင်းထဲမှာ မျက်နှာဖုံးကို ထားထားဖို့ ဝန်ထမ်းတွေကို မှာထားခဲ့ပေမယ့် ပင်နယ်တီကန်သွင်းအပြီးမှာ ကျွန်တော်ရှာလို့ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ နောက်တစ်ကြိမ်ပေါ့။ " လို့ ပြောကြားသွားခဲ့ပါတယ်။

အူဘာမီယန်ဟာ သူပြောကြားခဲ့တဲ့အတိုင်း ရန်းနက်စ်အသင်းနဲ့ပွဲမှာတော့ Black panther မျက်နှာဖုံးစွပ်ပြီး နာမည်ကြီး 'Wakanda Forever' အကွက်နဲ့ အာဖရိကကို ကိုယ်စားပြုပြီး အောင်ပွဲခံခဲ့ပါတယ်။ အဆိုပါပွဲမှာ အူဘာမီယန်ဟာ အဖွင့်ဂိုးကို ပွဲအစ၄မိနစ်မှာကတည်းက သွင်းယူပေးခဲ့ပြီး ၁၅မိနစ်အရောက်မှာ မိတ်လန်းနိုင်းစ် သွင်းနိုင်ဖို့အတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၂မိနစ်မှာတော့ အနိုင်ပြတ်သားစေတဲ့ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းအတွက် စူပါဟီးရိုး ဖြစ်ခဲ့ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။