ယူအီးအက်ဖ်အေ ဒါရိုက်တာတစ်ဦးကြောင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မဲခွဲမှုများ ကြိုတင်ပေါက်ကြားနေ

Posted on - Mar 15 []

Htoo Yan Ag

စာရေးသူ

ယနေ့ညနေ ၅နာရီခွဲ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ကျင်းပပြုလုပ်သွားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲပွဲမတိုင်မီ ယူအီးအက်ဖ်အေ ဒါရိုက်တာတစ်ဦးကြောင့် ကွာတားဖိုင်နယ်မှာ တွေ့ဆုံကြမယ့် အတွဲအဖက်များ ကြိုတင်ပေါက်ကြားခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ဒါရိုက်တာတစ်ဦးဟာ တွစ်တာပေါ်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အတွဲအဖက်များကို မှားယွင်းပြီး တင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဒါရိုက်တာ တစ်ဦးဟာ အဆိုပါပုံများကို တင်ပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ဖျက်သွားခဲ့ပေမယ့် တွစ်တာပရိသတ်တွေကတော့ သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကိုတော့ ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် ၊ တော့တင်ဟမ်ဟော့စပါး ၊ မန်စီးတီး ၊ လီဗာပူးတို့ လေးသင်းစလုံး တက်ရောက်ထားနိုင်ခဲ့ပြီး စပိန်လာလီဂါက ဘာစီလိုနာ ၊ ပေါ်တူဂီကလပ် ပေါ်တို ၊ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ် နဲ့ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းတို့ တက်ရောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဒါရိုက်တာ တင်ထားခဲ့တဲ့ စာရွက်ပေါ်မှာတော့ လီဗာပူး vs အေဂျက်ဇ် ၊ ဂျူဗင်တပ်စ် vs ပေါ်တို ၊ မန်ချက်စတာယူနိုက်တက် vs တော့တင်ဟမ်ဟော့စပါး ၊ ဘာစီလိုနာ vs မန်စီးတီး တို့ရဲ့ အတွဲအဖက်ကို ရေးသားထားခဲ့တာကြောင့် ယူအီးအက်ဖ်အေရဲ့ မဲခွဲမှုဟာ ရိုးရှင်းမှုမရှိပဲ သာမန်ထက်ပိုမို ရှုပ်ထွေးလာနိုင်ကြောင်း ဘောလုံးပရိသတ်အများစုက ဝေဖန်နေကြတာ ဖြစ်ပါတယ်

တကယ်လို့များ ယနေ့ညနေ မဲခွဲမှုများအပြီးမှာ အဆိုပါအတွဲအဖက်အတိုင်းသာ အတိအကျ ထွက်ပေါ်လာပါက ယူအီးအက်ဖ်အေအဖွဲ့ချုပ်တစ်ခုလုံး ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာတဲ့အသင်းများဟာ ဦးစားပေးခံရတဲ့ အသင်းမရှိပဲ တစ်နိုင်ငံတည်းက အသင်းအချင်းချင်း ပြန်မတွေ့ရဘူးဆိုတဲ့ စည်းမျဉ်းလည်း မရှိတော့တာကြောင့် အသင်းတိုင်းဟာ ထိပ်တိုက်တွေ့ဆုံနိုင်ချေရှိနေတာလည်း ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။