ယခုအပတ်အတွင်း ရော်နယ်လ်ဒိုနဲ့ မက်ဆီထက် ပိုကောင်းခဲ့တဲ့ ဂျီရူးရဲ့စွမ်းဆောင်ရည်

Posted on - Mar 15 []

Htoo Yan Ag

စာရေးသူ

ချယ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အိုလီဗာဂျီရူးဟာ ဒိုင်နမိုကိဗ်ကို ၅ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျီရူးဟာ ယခုအပတ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အက်သလက်တီကို မက်ဒရစ်အသင်းကို ဟက်ထရစ်သွင်းပြီး ဖြုတ်ချနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို ၊ လိုင်ယွန်အသင်းကို နှစ်ဂိုးသွင်း နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ မက်ဆီတို့ထက် ပိုမိုသာလွန်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အိုလီဗာဂျီရူးဟာ ပထမအကျော့က သုံးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဒိုင်နမိုကိဗ်အသင်းကို ယခုဒုတိယအကျော့ပွဲစဉ်မှာ ပွဲအစ၅မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ဟက်ထရစ်ရယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ရရှိခဲ့ပါတယ်။ ဂျီရူးရဲ့ ဟက်ထရစ်ဟာလည်း ဘယ်ခြေဂိုး ၊ ညာခြေဂိုး ၊ ခေါင်းတိုက်ဂိုးတို့နဲ့ ပြီးပြည့်စုံတဲ့ ဟက်ထရစ်သွင်းဂိုး ဖြစ်ခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ ဂျူဗင်တပ်စ်အသင်းဟာလည်း ပထမအကျော့က ၂ဂိုးပြတ်အရေးနိမ့်ခဲ့တာကို ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်နဲ့ ပြန်လည်ချေဖျက်နိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ခေါင်းတိုက်သွင်းဂိုး၂ဂိုး ၊ ပင်နယ်တီသွင်းဂိုး တစ်ဂိုးတို့နဲ့ ဂျူဗင်တပ်စ်အသင်းကို ကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

မက်ဆီဟာလည်း ဘာစီလိုနာအသင်းက လိုင်ယွန်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း သွင်းဂိုး၂ဂိုး ၊ ဂိုဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ယနေ့မှာတော့ ချယ်ဆီးတိုက်စစ်မှူး ဂျီရူးရဲ့ ပြီးပြည့်စုံတဲ့ ဟက်ထရစ်နဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်ဟာ ရော်နယ်လ်ဒိုနဲ့ မက်ဆီထက် ပိုမိုသာလွန်ကြောင်းကို ပရိသတ်တွေက လူမှုကွန်ရက်များပေါ်မှာ ဟာသနှောပြီး ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက " ဂျီရူးဟာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ယောက်ပေါင်းထားတာထက် ပိုကောင်းပါတယ်။ နောက်ပေးမယ့် Ballon d'Or ကို သူ့ကိုပေးလိုက်ပါ။ " လို့ရေးသားခဲ့သလို အခြားပရိသတ်တစ်ဦးကလည်း " မက်ဆ်ီနဲ့ ရော်နယ်လ်ဒိုတို့ လုပ်ပြသလို ဂျီရူးလည်း ယူရိုပါလိဂ်မှာ လုပ်ပြနိုင်ခဲ့ပါတယ်။ " " ကျွန်တော်တို့ဟာ ဂျီရူး ၊ မက်ဆီ နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ခေတ်မှာမွေးဖွားလာခဲ့တဲ့အတွက် ကံကောင်းပါတယ်။ " စသဖြင့် နောက်ပြောင် ရေးသားခဲ့ကြပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။