Breaking News : ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲ ကျင်းပပြီးစီး

Posted on - Mar 15 []

Htoo Yan Ag

စာရေးသူ

ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ရဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈/၁၉ ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲ ကျင်းပပြီးစီးခဲ့ပါပြီ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကိုတော့ ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် ၊ တော့တင်ဟမ်ဟော့စပါး ၊ မန်စီးတီး ၊ လီဗာပူးတို့ လေးသင်းစလုံး တက်ရောက်ထားနိုင်ခဲ့ပြီး စပိန်လာလီဂါက ဘာစီလိုနာ ၊ ပေါ်တူဂီကလပ် ပေါ်တို ၊ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ် နဲ့ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းတို့ တက်ရောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူအဖြစ် ယူအီးအက်ဖ်အေရဲ့ အတွင်းရေးမှူး မာချက်တီနဲ့ အတူ 2019 ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ambassdor တစ်ဦးဖြစ်တဲ့ ဘရာဇီးနဲ့ အင်တာမီလန် ဂိုးသမားဟောင်း ဂျူလီယိုဆီဇာတို့က မဲနှိုက်ပေးခဲ့ကြပါတယ်။ ပထမဆုံး အတွဲအဖက်အဖြစ် နယ်သာလန်ကလပ်အေဂျက်ဇ်နဲ့ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းတို့ တွေ့ဆုံခဲ့ပြီး ရော်နယ်လ်ဒိုရဲ့အသင်း အသက်ရှူ ချောင်ခဲ့ရပါတယ်။

ဒုတိယမြောက် အတွဲအဖက်အဖြစ် ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင်းနဲ့ ပေါ်တူဂီကလပ် ပေါ်တိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပြီး ဂျာဂင်ကလော့ပ်ရဲ့ အသင်း ဆုတောင်းပြည့်ခဲ့ပါတယ်။ တတိယမြောက် အတွဲအဖက်အဖြစ်တော့ အင်္ဂလန်ကလပ် အသင်းအချင်းချင်း ပြန်လည်တွေ့ဆုံနေပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ရဲ့ နောက်ဆုံးအတွဲအဖက်အဖြစ်တော့ ပြိုင်ပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အတွဲအဖက်အဖြစ် ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး ပရိသတ်တွေ စောင့်ကြည့်သွားရမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဆက်လက်ပြီး ဆီမီးဖိုင်နယ်အဆင့်ကိုပါ ထပ်မံမဲခွဲခဲ့ရာ ကွာတားဖိုင်နယ်ပွဲစဉ်၃မှာ အနိုင်ရရှိသူနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်၁မှာ အနိုင်ရရှိသူတို့ဟာ ဆီမီးဖိုင်နယ်ပွဲစဉ် ၁အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မက်ဒရစ်မှာကျင်းပမယ့် ဖိုင်နယ်ကို တက်ရောက်ဖို့ အေဂျက်ဇ် ၊ ဂျူဗင်တပ်စ် ၊ စပါးနဲ့ မန်စီးတီးတို့ထဲကတစ်သင်း တက်ရောက်သွားမှာ ဖြစ်ပြီး အခြားတစ်ဖက်မှာတော့ လီဗာပူး ၊ ပေါ်တို ၊ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ထဲက တစ်သင်း တက်ရောက်သွားတော့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကိုတော့ ဧပြီလ ၁၀ရက်နေ့မှာ ပြန်လည် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။