သောက်သောက်လဲအရှုံးပေါ်ခဲ့တာကြောင့် အပိုင်းဆက်တွေရိုက်ကူးဖို့ ဖျက်သိမ်းခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေ

Posted on - Apr 14 []

Douglas Thura

စာရေးသူ

ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ Sequel ( နောက်ဆက်တွဲ ) အပိုင်းတွေ ဆက်ရိုက်ကူးနိုင်ဖို့ အလားအလာရှိနိုင်၊မရှိနိုင်ဆိုတာကို Film Studio တွေထက် ဘယ်သူမှ မျှော်လင့်ချက်ကြီးကြီးထားကြမှာ မဟုတ်ပါဘူး။ ရုပ်ရှင်ကားတစ်ကားအောင်မြင်နိုင်မယ်လို့ သူတို့ အာရုံရတာနဲ့ အဲ့ရုပ်ရှင် ရုံမတင်ခင်မှာပဲ နောက်ဆက်တွဲအပိုင်းကိုဆက်ရိုက်ဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒါပေမဲ့ Budget တွေ တနင့်တပိုးအကုန်အကျခံရိုက်ပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူးဆိုရင်တော့ နောက်ဆက်တွဲအပိုင်းတွေဆက်ရိုက်ဖို့ Plan တွေကိုလည်း ချက်ချင်းရုတ်သိမ်းကြရပါတယ်။သောက်သောက်လဲ အရှုံးပေါ်ခဲ့တာကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ပဲ တစ်ပိုင်းပဲရိုက်ကူးပြီး အဆက်ဖြတ်လိုက်ရတဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ပါဦးနော်။

Battleship

Battleship ဇာတ်ကားအပေါ်ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေဟာ ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်ရေးဆရာတွေနဲ့ ပရိတ်သတ်တွေဆီက တုံ့ ပြန်မှုတွေမကောင်းခဲ့တဲ့အခါမှာတော့ Battleship ဇာတ်ကားအတွက်သုံးခဲ့ရတဲ့ Budget ဒေါ်လာ သန်း(၂၀၀) ကျော်ဟာ ရေမျှောပစ်လိုက်ရသလိုပါပဲ။ ဒီ Result တွေရရှိမှုအပေါ် ဒါရိုက်တာ Peter Berg က Marvel ရဲ့ The Avengers ရုပ်ရှင်နဲ့ နှိုင်းပြီး ဆင်ခြေပေးခဲ့ပါတယ်။ တစ်ကယ်တော့ ရေတပ်သားတွေနဲ့ ဂြိုဟ်သားတွေ နယ်မြေလု တိုက်ခိုက်ကြတဲ့ဇာတ်လမ်းမျိုးကို ပရိသတ်တွေ မနှစ်ခြိုက်ကြတာကြောင့် ဖြစ်ပါတယ်။ Battleship ဇာတ်ကားကို အပိုင်းဆက်တွေဆက်လက်ရိုက်ကူးဖို့ Universal ကုမ္ပဏီက စီစဉ်ထားခဲ့ပေမဲ့ ဝေဖန်မှုတွေ ၊ ရလဒ်တွေမကောင်းခဲ့တာကြောင့် ထို Plan တွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။

Independence Day: Resurgence

Independence Day ဇာတ်ကားရဲ့ ပထမဆုံး Sequel ဖြစ်တဲ့ Resurgence ထွက်ဖို့ နှစ်ပေါင်း(၂၀)တောင် ကြာမြင့်ခဲ့ပေမဲ့ ထိုဇာတ်ကား ရုံတင်တဲ့အခါမှာတော့ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ ပထမ Independence ဇာတ်ကားတုန်းက ၀င်ငွေကောင်း ၊ Review တွေ ကောင်းခဲ့ပေမဲ့ Resurgence ထွက်ရှိလာတဲ့အခါမှာတော့ ထင်သလောက် ခရီးမပေါက်ခဲ့တဲ့အတွက် Resurgence ရဲ့ အပိုင်းဆက် ဆက်ထွက်လာဖို့ကတော့ အလားအလာနည်းပါးသွားပါပြီ။ Resurgence ဇာတ်ကားဟာ အရှုံးပေါ်ခဲ့တာမျိုးတော့မဟုတ်ပေမဲ့ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို မရရှိခဲ့ပါဘူး။

Divergent: Allegiant

Divergent Book Series ကို အသက်သွင်းရိုက်ကူးထားတဲ့ Divergent Flim Series ရဲ့ တတိယမြောက်ဇာတ်ကား Allegiant ဟာ အရှုံးပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် Divergent Series ရဲ့ (၄) ကားမြောက် Ascendant ကို ရုပ်ရှင်အဖြစ်မရိုက်ကူးတော့ပဲ TV Series အဖြစ်ရိုက်ကူးဖို့ Lionsgate ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

The Amazing Spider-Man 2

Amazing Spider-Man franchise အတွက် အပိုင်း(၄)ပိုင်း ရိုက်ကူးဖို့  Sony Company က စီမံကိန်းချထားခဲ့ပေမဲ့ ဒုတိယပိုင်းထွက်ရှိလာပြီးတဲ့နောက်မှာ Review တွေညံ့ပြီး Box Office မှာ မျက်နှာပန်းမလှခဲ့တာကြောင့် Amazing Spider-Man Franchise ကို ဖျက်သိမ်းခဲ့ပြီး 2017 မှာ မင်းသားငယ် Tom Holland နဲ့ Spider-Man : Homecoming ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။

The Mortal Instruments: City of Bones

ရောင်းအားအကောင်းဆုံးစာအုပ်တွေဖြစ်တဲ့ Twilight နဲ့ The Hunger Games တို့ကို အသက်သွင်းရိုက်ကူးခဲ့တဲ့အခါ ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကြောင့် Sony Screen Gems က Cassandra Clare ရဲ့  The Mortal Instruments စာအုပ်တွဲကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးခဲ့ပါတယ်။ ပထမပိုင်းရဲ့ နာမည်က The Mortal Instruments: City of Bones ဖြစ်ပြီး ဒုတိယအပိုင်းဆက်ရဲ့ နာမည်ကတော့ The Mortal Instruments : City of Ashes ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ သို့ သော်လည်း ပထမပိုင်း City Of Bones ရိုက်ကူးရုံတင်ပြီးတဲ့အခါ ရလဒ်တွေဆိုးရွားလွန်းခဲ့တာကြောင့် အပိုင်းဆက်ဖြစ်တဲ့ City Of Ashes ကို Shadowhunters ဆိုပြီး TV Series အဖြစ် ပြောင်းလဲရိုက်ကူးခဲ့ပါတယ်။

Green Lantern

Deadpool ရုပ်ရှင်မရိုက်ကူးခင်ကတည်းက Ryan Reynolds ဟာ DC ရဲ့ Green Lantern ရုပ်ရှင်ဇာတ်ကားထဲမှာ Hal Jordan တစ်ဖြစ်လဲ Green Lantern ဇာတ်ကောင်နေရာမှာ ရိုက်ကူးခဲ့ပြီး စူပါဟီးရိုးရုပ်ရှင်လောကနဲ့ ရင်းနှီးခဲ့ပြီးသားပါ။ ဒါပေမဲ့ Green Lantern ရုပ်ရှင်ဟာလည်း ၀င်ငွေမကောင်း ၊ ဝေဖန်မှုတွေမကောင်းခဲ့တာကြောင့် ဒုတိယပိုင်းဆက်ရိုက်မဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။