BLACKPINK အဖွဲ့ဝင်တွေရဲ့ Trainee ဘ၀တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းကို ပြန်လည်ပြောပြခဲ့တဲ့ Jennie

Posted on - Apr 15 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ဟာဆိုရင် လက်ရှိမှာ သူမတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ "KILL THIS LOVE" အယ်လ်ဘမ်နဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် Coachella Valley Music and Arts Festival မှာ ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့မှုနဲ့ သူမတို့အဖွဲ့ရဲ့ “In Your Area” World Tour တို့ကြောင့်လည်း အများရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေပါတယ်။

သူမတို့တွေဟာ ဒီနေ့အချိန်မှာ အောင်မြင်မှုတွေကို အမြောက်အများရရှိနေတဲ့ ထိပ်တန်း Idol တွေဖြစ်နေကြပြီဆိုပေမယ့်လည်း ဒီလိုမျိုးတွေ ဖြစ်လာဖို့အတွက်ကို တစ်ချိန်ုတုန်းကတော့ YG Entertainment ရဲ့ ပင်ပန်းခက်ခဲတဲ့ သင်တန်းသူဘ၀တွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရသူတွေပါ။ သူမတို့တွေ ဖြတ်သန်းခဲ့ရတဲ့ ပင်ပန်းခက်ခဲလွန်းလှတဲ့ အချိန်ကာလတွေကို အဖွဲ့ဝင်ဖြစ်သူ Jennie က လတ်တလောတုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အေဂျင်စီက လစဉ်အကဲဖြတ်လုပ်တာတွေကို Jeenie အနေနဲ့ ဘယ်လိုများထင်မြင်ပါသလဲလို့ မေးလိုက်တဲ့အခါမှာတော့ သူမ ပြန်ဖြေတာက 'လစဉ်အကဲဖြတ်တာလား။ လစဉ်အကဲဖြတ်မှု...အိုး.....တကယ်ကို အေးတိအေးစက်နဲ့ ကြောက်စရာကောင်းတဲ့ အဓိပ္ပါယ်ပါပဲ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

YG ရဲ့ လက်အောက်ကနေ ပွဲထွက်လာတဲ့အဖွဲ့တွေတိုင်းဟာ ပင်ပန်းခက်ခဲရတဲ့ သင်တန်းသား၊ သင်တန်းသူဘ၀တွေကို ဖြတ်သန်းခဲ့ကြရသူတွေ ဖြစ်ပါတယ်။ ဒီလိုမျိး ခက်ခဲလှတဲ့ လေ့ကျင့်ရေးကာလတွေကို နှစ်ပေါင်းများစွာဖြတ်သန်းခဲ့တာကြာင့်ပဲ YG ရဲ့ idol တွေတိုင်းဟာ အရည်အချင်းတွေပြည့်ဝနေကြတာကို မျက်မြင်ပါပဲ။

လစဉ်ဆိုသလို ပြုလုပ်တဲ့ စစ်ဆေးမှုတွေ၊ အကဲဖြတ်မှုတွေတိုင်းမှာ လေ့ကျင့်ရေး သင်တန်းသားတွေ၊ သင်တန်းသူတိုင်းဟာ သူတို့တွေရဲ့ တစ်လတာအတွင်းမှာ လေ့ကျင့်ခဲ့ရတဲ့ အကတွေ သီချင်းတွေကို တကယ့်ပွဲထွက်တော့မယ့်ပုံစံမျိုးနဲ့ ပြင်ဆင်ရတယ်လို့ Jennie က ပြောပြခဲ့ပါတယ်။ "အဲဒီအချိန်ဆိုရင် လုပ်ရတာတွေကအများကြီးပဲ။ ၀တ်စုံတွေရွေးရတယ်။ အဖွဲ့တွေ၊ သီချင်းတွေကိုလည်း ရွေးရတယ်။ ပြီးတော့ အကတွေကို သေချာလေ့ကျင့်ရတယ်" လို့ ပြောခဲ့တာဖြစ်ပါတယ်။

သူမအနေနဲ့ဆိုရင် အဲဒီလိုပုံစံမျိုးနဲ့ ၆ နှစ်လောက်ကို ဖြတ်သန်းခဲ့ရပါတယ်။ အခုအချိန်မှာသာ အဲဒါတွေကို ပြန်တွေးလိုက်ရင် ပင်ပန်းလိုက်တာလို့ တွေးမိပေမယ့်လည်း အဲဒီအချိန်တုန်းကတော့ ပင်ပန်းစရာလို့ မတွေးမိခဲ့ကြောင်းကိုလည်း "အဲဒီတုန်းကတော့ ဒါတွေက ခက်ခဲစရာတွေလို့ မထင်ခဲ့မိဘူးပေါ့။ ကျွန်မတို့မှာက လုပ်စရာတွေက အဲဒါတွေပဲရှိတာလေ။ ပြောရရင် ကျောင်းတက်တာ ဘာလို့တက်တာလဲလို့ တွေးနေစရာကိုမလိုတဲ့ပုံမျိုးပေါ့" လို့ ပြောခဲ့ပါသေးတယ်။

သူမအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ သင်တန်းသူကာလတစ်လျှောက်မှာလည်း နောင်တရတဲ့အတွေးမျိုးတွေမရှိခဲ့ဘူးလို့ ဆိုခဲ့ပါသေးတယ်။ "ဒီလိုမျိုး ခက်ခဲတဲ့အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရလို့ ကျွန်မတို့တွေ ဒီနေ့မှာ BLACKPINK ဆိုပြီး ရပ်တည်နေနိုင်တာပါ" လို့လည်း ပြောခဲ့ပါတယ်။

ပင်ပန်းခက်ခဲတဲ့ သင်တန်းသူဘ၀တွေကို နှစ်နဲ့ချီအောင် ဖြတ်သန်းခဲ့ရတဲ့ BLACKPINK အဖွဲ့ဟာ ဒီနေ့အချိန်မှာတော့ အသစ်အသစ်သော စံချိန်သစ်တွေကိုတင်နေတဲ့ ထိပ်တန်း Idol အဖွဲ့ဖြစ်နေတာကိုတော့ ပရိသတ်တွေ မျက်မြင်ပါပဲနော်။

Ref : Koreaboo
Momolay (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။