နာမည်ကြီး Horror ရုပ်ရှင်တွေနောက်ကွယ်က သွေးပျက်စရာ ဖြစ်ရပ်မှန်အကြောင်းအရာများ

Posted on - Apr 15 []

Douglas Thura

စာရေးသူ

တစ်ခါတစ်လေမှာ ရုပ်ရှင်တွေတော်တော်များများထဲက မဖြစ်နိုင်ဘူးထင်ရတဲ့ ဇာတ်လမ်းတွေဟာ လက်တွေ့ အပြင်မှာ တစ်ကယ်ရှိနေတတ်ရုံသာမကပဲ ရုပ်ရှင်တွေထဲကထက်တောင် ပိုပြီး ဆန်းကြယ်လွန်းနေတတ်တာကို တွေ့ ရပါတယ်။ အထူးသဖြင့် သရဲတစ္ဆေအကြောင်း၊ ကွင်းဆက်လူသတ်သမားအကြောင်း၊ ထိတ်လန့် ဖွယ်ရာအဖြစ်အပျက်တွေအကြောင်း ရိုက်ကူးထားတဲ့ Horror ရုပ်ရှင်တွေရဲ့နောက်ကွယ်မှာ ဆန်းကြယ်လွန်းတဲ့ ဖြစ်ရပ်တွေတစ်ချို့ ရှိနေတာကြောင့် သွေးပျက်လောက်စရာ ဖြစ်ရပ်မှန်တွေကို မှီငြမ်းရိုက်ကူးထားတဲ့ Horror ရုပ်ရှင်ဇာတ်ကားတစ်ချို့ နဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Split

2016 ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသားချော James McAvoy သရုပ်ဆောင်ထားတဲ့ Split ရုပ်ရှင်ရဲ့နောက်ကွယ်မှာလည်း စိတ်ဝင်စားစရာအဖြစ်အပျက်တစ်ချို့ ရှိခဲ့ပါတယ်။ Split ရုပ်ရှင်မှီငြမ်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကတော့ ဒီလိုပါ။ Billy Milligan ဆိုသူဟာ သူ့ ခေါင်းထဲမှာ စရိုက်ပေါင်းစုံအဆင့်ဆင့်ဖြစ်တည်နေတဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရသူဖြစ်ပါတယ်။(လူတစ်ယောက်တည်းဆိုပေမဲ့ အချိန်တိုင်းမှာ သူ့ ကိုယ်သူမသိတော့ပဲ တစ်ခြားသူတစ်ယောက်ရဲ့ စရိုက်အသွင်ပြောင်းလဲသွားတဲ့ ရောဂါမျိုးပါ) Billy ရဲ့ ခေါင်းထဲမှာ သူမဟုတ်တဲ့ အခြားပင်ကိုယ်စရိုက် (၂၄)မျိုးတောင် ကိန်းအောင်းနေတာဖြစ်ပြီး သူ့ ခေါင်းထဲက စရိုက်တွေဟာ အေးအေးဆေးဆေးမနေတော့ပဲ Billy ကို ရာဇ၀တ်မှုတွေမြောက်များစွာ ကျူးလွန်မိအောင် စေခိုင်းနေတော့တာဖြစ်ပါတယ်။ Billy ကို ဒီလိုကြောက်စရာရောဂါဆိုးကြီးဖြစ်လာစေတဲ့ အဓိကအကြောင်းအရင်းကတော့ Billy ငယ်စဉ်တုန်းက သူ့ ပထွေးဖြစ်သူဟာ ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်ခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ ရာဇ၀တ်မှုတွေများစွာ ကျူးလွန်ခဲ့တဲ့ Billy တစ်ယောက် အမှုရင်ဆိုင်ရတဲ့အခါ စိတ္တဇလူသတ်သမားဖြစ်ကြောင်း ပေါ်လွင်နေခဲ့တာကြောင့် စိတ်ကျန်းမာရေးဆေးရုံမှာ (၁၀)နှစ်နေခဲ့ရပြီး သေဆုံးတဲ့အထိတိုင်အောင် ရောဂါဆိုးကြီးက မလွတ်မြောက်နိုင်ခဲ့ပါဘူး။

Scream 2

Scream 2 ရုပ်ရှင်ရဲ့ နောက်ကွယ်က တစ်ကယ့်ဖြစ်ရပ်မှန်ကတော့ ဒီလိုပါ။ 1990 ခုနှစ်အတွင်း အမေရိကန်မှာ ကွင်းဆက်လူသတ်မှုတွေများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်၊ Gainesville မြို့ က ကောလိပ်တစ်ခုမှာ ကျောင်းသူ/သား (၅)ယောက် အသတ်ခံခဲ့ရပြီး လူသတ်သမားက ပါးနပ်လွန်းတာကြောင့် ရဲတွေအနေနဲ့ အချိန်အတော်ကြာတဲ့အထိ လူသတ်မှုနဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နေ့ မအိပ်၊ညမအိပ် စုံစမ်းမှုကြောင့် လူသတ်သမားကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကျောင်းသားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားရဲ့ နာမည်ကတော့ Daniel Harold Rolling ဖြစ်ပြီး စိတ်ဖောက်ပြန်မှုကြောင့် လူသတ်ခဲ့တာဆိုပေမဲ့လည်း သေမိန့် ချမှတ်ခံခဲ့ရပါတယ်။

Zodiac

ပါးနပ်လွန်းတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Zodiac ရုပ်ရှင်ကိုတော့ ပရိသတ်တွေအထူးအကြိုက်တွေ့ ခဲ့ကြပါတယ်။ တစ်ကယ့်အပြင်မှာလည်း Zodiac လူသတ်သမားဟာ US တစ်ခွင်လုံးမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အခုအချိန်ထိ ဖမ်းလို့ မမိသေးတာကြောင့်လည်း ပိုပြီးနာမည်ကြီးနေပါသေးတယ်။ Zodiac လို့ သိကြတဲ့ အဆိုပါလူသတ်သမားဟာ 1960 ခုနှစ်နောက်ပိုင်းမှာ စတင်သတ်ဖြတ်ခဲ့တာဖြစ်ပြီး လူပေါင်း(၁၂)ယောက်ဟာ သူ့ ရဲ့ သားကောင်းဖြစ်ခဲ့ရပါတယ်။ လူတစ်ယောက်သတ်ပြီးတိုင်းမှာလည်း သူသတ်ခဲ့ပါတယ်ဆိုတဲ့ ၀န်ခံစာတွေ၊ နောက်ထပ်ဆက်သတ်ဦးမယ်ဆိုတဲ့ အမှာစကားတွေနဲ့ အတူ ရဲတွေကို လှောင်ပြောင်သရော်တဲ့စာတွေကို သတင်းစာတိုက်တွေကို ပေးပို့ လေ့ရှိတာကြောင့် တော်တော်လေးနာမည်ကြီးတဲ့ လူသတ်သမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ရဲတွေကတော့ လက်ဖျားခါရလောက်အောင် ပါးနပ်လွန်းတဲ့ အဆိုပါလူသတ်သမားဟာ ရဲတွေနဲ့ ပတ်သက်ပြီး နောကျေလွန်းနေတဲ့အတွက် စစ်ထွက်တစ်ယောက် ဒါမှမဟုတ် ရဲအရာရှိတစ်ယောက်ဖြစ်မယ်ဆိုပြီး ယုံကြည်ခဲ့ကြပါတယ်။

The Conjuring

နာမည်ကြီးသရဲရုပ်ရှင်ဖြစ်တဲ့ The Conjuring ဇာတ်ကားရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကတော့ ရုပ်ရှင်ထဲကအကြောင်းအရာတွေနဲ့ တော်တော်များများ ဆင်တူပါတယ်။ 1971 ခုနှစ်၊ ဇန်န၀ါရီလမှာ Perron မိသားစုဟာ အိမ်ကြီးတစ်လုံးကို ရွှေ့ ပြောင်းလာခဲ့ကြပြီး နောက်ပိုင်းမှာ အိမ်ကြီးထဲက မူမမှန်တဲ့ အနေအထားတွေ၊ အသံဆိုးတွေ စတဲ့အနှောင့်အယှက်တွေများစွာကြောင့် သရဲနှင်သူလင်မယားဖြစ်တဲ့ Ed နဲ့ Lorraine Warren တို့ ကို အကူအညီတောင်းခဲ့ရပါတယ်။ Ed နဲ့ Lorraine တို့ ဟာ အိမ်ကြီးထဲမှာ အနှောင့်အယှက်ပေးနေတဲ့ နတ်ဆိုးကို နှင်ထုတ်ခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ အနှောင့်အယှက်တွေမပေးတော့တာကြောင့် Perron မိသားစုဟာ တစ်ခြားအိမ်ကိုမပြောင်းရွှေ့ ခင်အထိ အဆိုပါအိမ်ကြီးထဲမှာ (၁၀)နှစ်တိတိ နေထိုင်နိုင်ခဲ့ပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။