ဖျော်ဖြေရေးလောကရဲ့ အတွင်းသိတွေပြောပြတဲ့ ပေါင်းသင်းဆက်ဆံရေးအကောင်းဆုံးသော Idol

Posted on - Apr 15 []

Mia Zin

စာရေးသူ

အနုပညာရှင်တစ်ယောက်ရေရှည်အောင်မြင်ဖို့ဆိုတာ အရည်အချင်းရယ် ကံရယ် စန်းရယ်နဲ့လည်းဆိုင်သလို ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ဆိုတာကလည်း လိုအပ်လှပါတယ်။ အခုဖော်ပြပေးမယ့် Idol ကတော့ ကိုရီးယားအနုပညာလောကထဲက အတွင်းသိတွေရဲ့သတ်မှတ်ချက်အရ ပေါင်းသင်းဆက်ဆံရေးအကောင်းဆုံး Idol ဖြစ်တဲ့ Yoona ဖြစ်ပါတယ်။

နာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ Girls' Generation ရဲ့ အဖွဲ့ဝင်ဖြစ်သူ Yoona ကို အတွင်းသိတွေတော်တော်များများက အလုပ်ကြိုးစားပြီး အကြင်နာတတ်ဆုံးစိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ Idol တစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ အနုပညာသက်တမ်း ၁၀ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ သူမဟာ ပရိသတ်အမြောက်အမြားနဲ့ အောင်မြင်မှူများစွာကိုရရှိထားတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း မာန်မာနထောင်လွှာခြင်းမရှိတဲ့အကောင်းဆုံးသောသူတစ်ယောက်လည်းဖြစ်တယ်လို့ဆိုကြပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းထောက်တွေ၊ အငယ်တန်းဂျူနီယာတွေကလည်း သူမရဲ့အလုပ်ကြိုးစားမှု၊ အလုပ်အပေါ်အာရုံစိုက်မှု၊ ဖော်ရွေမှုနဲ့ ကြင်နာတတ်တဲ့စိတ်ထားတို့ကို ချီးကျူးပြောဆိုထားကြပါတယ်။ YTN သတင်းဋ္ဌာနရဲ့သတင်းထောက်တစ်ဦးဖြစ်သူ Kim Ah Yeon ကလည်း Yoona ကို ပေါင်းသင်းဆက်ဆံရေးအကောင်းဆုံး Idol တစ်ယောက်အနေနဲ့ရွေးချယ်ပေးခဲ့ပါတယ်။

"Variety Show တော်တော်များများရဲ့ ထုတ်လုပ်သူတွေက Yoona ကို တော်တော်သဘောကျကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမက နာမည်ကျော် SNSD ရဲ့ Centre ဖြစ်တယ်ဆိုပေမယ့် သူမကိုယ်သူမ တက်သစ်စလူတစ်ယောက်လိုပြုမူနေထိုင်တာကြောင့်ပါ။ ပြီးတော့ သူမရဲ့ Image ပျက်စီးသွားမှာကိုလည်း ကြောက်တတ်သူတစ်ယောက်မဟုတ်ပါဘူး" လို့ Kim Ah Yeon က ဆိုပါတယ်။

Hyori's Homestay အစီအစဉ်ရဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Jung Hyo Min ကလည်း Yoona ဟာ သူစိမ်းတွေကြားထဲမှာလည်း အဆင်ပြေစွာ နေတတ်ထိုင်တတ်တဲ့သူ၊ ဖော်ရွေတဲ့သူတစ်ယောက်ဖြစ်ပါတယ်လို့ပြောပါတယ်။ "Yoona က သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းသွက်သွက်လက်လက်ရှိသူတစ်ယောက်ပါ။ ဖော်ရွေတတ် ခင်တတ် မင်တတ်တဲ့သူဆိုရင်လည်း မမှားပါဘူး" လို့ ဆိုပါတယ်။

1st Look မဂ္ဂဇင်းရဲ့ ၂၀၁၆ ထွက် Issue တစ်ခုမှာလည်း သတင်းထောက်တစ်ယောက်က Yoona နဲ့ သူ အင်တာဗျူးလုပ်ကြည့်တော့မှ သူမဟာ အမှန်တကယ်ပင်ကြင်နာတတ်တဲ့သူတစ်ဦးဖြစ်တဲ့အကြောင်း သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။ "Yoona ဟာ ချောမောလှပတဲ့မိန်းကလေးတွေအများကြီးထဲမှာမှ လှပတဲ့မိန်းကလေးတစ်ယောက်ရယ်လို့ လူသိများသူတစ်ယောက်ပါ။ ဒါပေမဲ့ သူမဟာ လူအများရဲ့အာရုံစိုက်ခြင်းကိုခံနေရတဲ့ Idol တစ်ယောက်ဖြစ်နေတာတောင်မှ သူမ ရရှိနေတဲ့နေရာမှာရပ်တန့်ခြင်းမရှိပဲ သူမရဲ့အလုပ်ကို အေးဆေးပဲဆက်လုပ်နေတာဖြစ်ပါတယ်" လို့ အဆိုပါသတင်းထောက်ကဆိုပါတယ်။

Cooperation ရုပ်ရှင်မှာ သူမနဲ့အတူပါဝင်ပြီးသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Shin Hyun Joon ကလည်း Yoona သာ မပါရင် ဒီရုပ်ရှင်က ရိုက်ကူးဖြစ်ခဲ့မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ "ဒီရုပ်ရှင်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က Yoona ကြောင့်သာ ဖြစ်ခဲ့တာလို့ Shin Hyun Joon က သူ့ရဲ့ကိုယ်ပိုင်အမြင်ကိုပြောပြခဲ့တာပါ" ဆိုပြီးတော့ KBS ရဲ့သတင်းထောက်တစ်ဦးက ပြန်လည်ပြောပြခဲ့ပါတယ်။

SNSD ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်တုန်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ Yoona က သူမဟာ လောဘကြီးသူတစ်ယောက်ဖြစ်ကြောင်း၊ ဒီ့ထက်ပိုအောင်မြင်ချင်တဲ့မင်းသမီးတစ်ယောက်ဖြစ်ချင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

"သရုပ်ဆောင်ရတာက အခုထိခက်ခဲတုန်းပါပဲ။ ကျွန်မက Idol တစ်ယောက်ဖြစ်နေလို့တော့မဟုတ်ပေမယ့် ဒီနေ့ခေတ်မှာက အသစ်တွေကအများကြီးပေါ်လာကြတယ်လေ။ ဒါကြောင့် ဒီထက်ပိုပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ လောဘတွေကျွန်မမှာ ရှိနေတယ်ထင်ပါတယ်။ Idol ကနေ သရုပ်ဆောင်ကောင်းဖြစ်သွားတဲ့သူတွေအများကြီးရှိတာမို့လို့ ဒါကို ဆိုးတယ်လို့တော့ ကျွန်မ မထင်ပါဘူး" ဆိုပြီး Yoona က ဆိုပါတယ်။

ပေါင်းသင်းဆက်ဆံရေးလည်းကောင်း၊ ရုပ်ချောပြီး အရည်အချင်းပြည့်ဝတဲ့ Yoona လေးကို ချစ်တဲ့သူတွေရှိကြပါသလား။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။