Park Shin Hye ရယ်လို့ ဖြစ်လာစေတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲများ

Posted on - Apr 16 []

Mia Zin

စာရေးသူ

မင်းသမီး Park Shin Hye လို့ ဆိုလိုက်ရင် နာမည်ကျော်ဇာတ်လမ်းတွဲတွေ အတော်များများမှာ ပြောင်မြောက်ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ရုပ်ပေါင်းများစွာကို သရုပ်ဆောင်ခဲ့တဲ့သူမရဲ့ ပုံရိပ်တွေကို မြင်ယောင်ကြမှာပါ။ အငိုပီပြင်လွန်းတဲ့သူမဟာ သဘာဝအလှပိုင်ရှင်တစ်ယောက်ဖြစ်ပြီး စတင်ပွဲဦးထွက်ချိန်ကနေ အခုထက်ထိ အလွန်အမင်း မပြောင်းလဲပဲ ရင်ကျက်တဲ့အလှတရားတွေသာ တိုးလာတယ်ဆိုတာကို ပရိသတ်တွေအားလုံး သိကြပြီးဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အနေနဲ့ ဖျော်ဖြေရေးလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူမဟာ အခုဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းမင်းသမီးတစ်လက်အနေနဲ့ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး အောင်မြင်တဲ့သရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ်ကို ရောက်ရှိအောင် ပို့ဆောင်ပေးလိုက်တဲ့ ဇာတ်လမ်းတွဲတွေကတော့ အခုဖော်ပြပေးထားတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Stairway to Heaven (2003)

Park Shin Hye ရယ်လို့ ဖြစ်လာစေခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ဒီဇာတ်လမ်းတွဲကတော့ မပါမဖြစ်ပါပဲ။ ၂၀၀၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းတွဲထဲမှာ Park Shin Hye က မင်းသမီးကြီး Choi Ji Woo ရဲ့ ငယ်ဘ၀နေရာနေ ပါဝင်သရုပ်ဆောင်ထားခဲတာ ဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့ မိထွေးရဲ့ သမီးဖြစ်သူတို့ရဲ့ နှိပ်စက်ခြင်းကိုခံရတဲ့ သူဌေးသမီးလေးအဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ Park Shin Hye ရဲ့ သရုပ်ဆောင်ချက်တွေဟာ ကြည့်ရှုသူတွေရဲ့ ရင်ထဲမှာ ယနေ့ထိတိုင်စွဲကျန်ရစ်နေဦးမယ်လို့ ယုံကြည်ပါတယ်။

2. Tree Of Heaven (2006)

Stairway to Heaven ရိုက်ကူးပြီး ၃ နှစ်အကြာမှာတော့ Park Shin Hye ဟာ မင်းသား Lee Wan နဲ့ အတူတူ Tree Of Heaven ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လူကြီးသရုပ်ဆောင်အနေနဲ့ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထိုဇာတ်လမ်းကလည်းပဲ ယနေ့ထိတိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲထင်ကျန်ဆဲပါ။ ဖထွေးဘက်ကပါလာတဲ့ အစ်ကိုကို အစ်ကိုအရင်းတစ်ယောက်လိုပဲ သဘောထားရာမှ တဖြည်းဖြည်း သံယောဇဉ်တွေတွယ်ခဲ့ပြီး ၅၂၈ ကနေ ၁၅၀၀ အချစ်ကို ပြောင်းလဲသွားခဲ့တဲ့ ကိုရီးယား-ဂျပန် ကပြားမလေး Hana ဆိုတဲ့ ဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေဟာ ကြည့်ရှူသူတွေရဲ့ ရင်ကို ဆို့နင့်စေခဲ့တာ အမှန်ပါပဲ။

3. You're Beautiful (2009)

Tree of Heaven ရိုက်ကူးပြီး နောက်ထပ် (၃) နှစ်အကြာမှာ ရိုက်ကူးခဲ့တဲ့ You're Beautiful ဇာတ်လမ်းတွဲကတော့ Park Shin Hye ရဲ့ အောင်မြင်မှုအရှိန်ကို အဆပေါင်းများစွာမြင့်တက်အောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အမျိုးသားအဆိုတော်အဖွဲ့မှာ ပါဝင်မယ့် အစ်ကိုက ရုတ်တရက်ကျန်းမာရေးအခြေအနေဆိုးရွားသွားတာကြောင့် မလွှဲသာ၊ မရှောင်သာတဲ့ အခြေအနေတွေကြားကနေ ယောကျာ်းလေးတစ်ယောက်လို ဟန်ဆောင်ကာ အစ်ကိုရဲ့နေရာကို ၀င်ယူပေးခဲ့တဲ့ သီလရှင်မလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေက ရှေ့ကရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲကနဲ့ လားလားမျှသက်ဆိုင်ခြင်းမရှိပဲ ကြည့်ရှူသူပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

4. Heartstrings (2011)

You're Beautiful ရိုက်ကူးပြီး နောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Heartstrings ဇာတ်လမ်းတွဲကတော့ သူမ အရှေ့မှာရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေလောက် အောင်မြင်မှုအကြီးအကျယ်မရရှိခဲ့ပေမယ့်လည်း You're Beautiful မှာ သူမနဲ့အတူတူ တွဲဖက်ရိုက်ကူးခဲ့တဲ့ CNBLUE အဖွဲ့ဝင် Jung Yong Hwa နဲ့ ဒုတိယအကြိမ်မြောက်တွဲဖက်သရုပ်ဆောင်ရတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုတော့ အထိုက်အလျောက်ရရှိခဲ့ပါတယ်။

5. The Heirs (2013)

သူမရဲ့ အောင်မြင်မှုအရှိန်ကို ပြန်လည်မြှင့်တင်ပေးလိုက်တဲ့ နောက်ထပ်တစ်ကားကတော့ ၂၀၁၃ ခုနှစ်မှာ မင်းသား Lee Min Ho နဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ The Heirs ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ လူကုံထံအသိုင်းအ၀ိုင်းကြားကို အကြောင်းအမျိုးကြောင့်ရောက်ရှိသွားပြီး သူဌေးသားလေး ကင်တန်နဲ့ ချစ်ကျွမ်းဝင်ခဲ့တဲ့ သာမန်အထက်တန်းကျောင်းသူလေးတစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ကာ ဒီဇာတ်လမ်းတွဲနဲ့ ဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။

6. Pinocchio (2014–2015)

၂၀၁၄ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Lee Jong Suk နဲ့ အတူတွဲဖက်ကာ ပါဝင်ထားပြီး လိမ်ညာပြောရင် ကြို့ထိုးတတ်တဲ့ ရောဂါရှိတဲ့ သတင်းထောက်မလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

7. Doctors (2016)

Pinocchio ရိုက်ကူးပြီးတဲ့နောက်မှာတော့ ရိုက်ကူးရေးတွေကို ၁ နှစ်ခန့်မျှနားလိုက်ပြီး ၂၀၁၆ ခုနှစ်မှာ မင်းသား Kim Rae Won နဲ့အတူတူ "Doctors" ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။ မိသားစုပြသနာတွေကြောင့် ငယ်စဉ်တုန်းက ဂျစ်တိဂျစ်ကန်နေခဲ့ပေမယ့်လည်း အရွယ်ရောက်တဲ့အခါမှာတော့ ကျွမ်းကျင်တဲ့ ဦးနှောက်နဲ့ အာရုံကြောအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့လည်း ထပ်တူကျကာ အောင်မြင်ခဲ့ပြန်ပါတယ်။

8. "Memories of the Alhambra"

အဲဒီဇာတ်ကားနောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲရိုက်ကူးမှုကို ထပ်မံရပ်နားခဲ့ပြီး ၂၀၁၈ ခုနှစ်ရောက်မှသာ မင်းသား Hyun Bin နဲ့ တွဲဖက်ကာ "Memories of the Alhambra" ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။ ထိုဇာတ်လမ်းတွဲကိုတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာပဲ ပြသခဲ့ပါတယ်။ မင်းသားကြီး Hyun Bin နဲ့ အတူတွဲဖက်ကာ ရိုက်ကူးထားတဲ့ ထိုဇာတ်လမ်းဟာလည်း မရိုက်ကူးခင်အချိန်ကတည်းက နာမည်ကြီးနေခဲ့တာဖြစ်ပြီး ထုတ်လွှင့်ပြသတဲ့အခါမှာလည်း အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။

ကလေးသရုပ်ဆောင်အဖြစ်ကနေ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ကို ရောက်ရှိလာတဲ့ Park Shin Hye ကို ဘယ်ဇာတ်လမ်းတွဲနဲ့ စတင်သတိထားမိခဲ့ကြပါသလဲ။ အခုဖော်ပြပေးခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာရော ပရိသတ်တို့ အကြိုက်ဆုံးဇာတ်လမ်းတွဲက ဘာများဖြစ်မလဲ။

Ref : Wiki
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။