ဂျပန်မှာ ပထမဆုံးသော Dome Tour ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပပြုလုပ်မယ့် BLACKPINK

Posted on - Apr 16 []

Mia Zin

စာရေးသူ

Kpop ပရိသတ် အခိုင်အမာရှိတဲ့ ဂျပန်နိုင်ငံမှာ Kpop Idol တွေရဲ့ အနုပညာလှုပ်ရှားမှုတွေဆိုတာ အမြောက်အမြားပါ။ ဂျပန်ဘာသာနဲ့ သီဆိုထားတဲ့ အယ်လ်ဘမ်တွေ ထွက်ရှိတာကို ကြည့်ခြင်းနဲ့တင်ပဲ Kpop ဟာ ဂျပန်နိုင်ငံမှာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိနေသလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံက မြို့ကြီးတွေမှာလည်း လှည့်လည်ကာ ဖျော်ဖြေတင်ဆက်ရေးတွေ အောင်မြင်စွာနဲ့ ကျင်းပနိုင်ကြတာကို ကြည့်ခြင်းဖြင့်လည်း တွေ့မြင်နိုင်ပါသေးတယ်။

အဲဒီလို လှည့်လည်ဖျော်ဖြေတယ်ဆိုရာမှာလည်း လူဦးရေသောင်းနဲ့ချီဆံ့တဲ့ Dome တွေမှာ Solo Concert တွေကို အောင်မြင်စွာနဲ့ကျင်းပပြုလုပ်နိုင်တယ်ဆိုရင်တော့ ဒါဟာ ထို Idol အဖွဲ့ရဲ့ အောင်မြင်မှုအတိုင်းအတာကို ချပြလိုက်ခြင်းတစ်မျိုးပါပဲ။ ဂျပန်လူမျိုး အဆိုတော်တွေ၊ အနုပညာရှင်တွေတောင်မှ ဖျော်ဖြေဖို့ခက်ခဲတဲ့ Dome လိုမျိုးတွေမှာ ဖျော်ဖြေနိုင်တယ်ဆိုရင်တော့ ထို Idol အဖွဲ့ရဲ့ အောင်မြင်မှုအရှိန်က သာမန်မဟုတ်တော့ပါဘူး။

ဒါကြောင့် ဂျပန်နိုင်ငံမှာ Dome Tour ကို အောင်မြင်စွာလုပ်နိုင်ဖို့ဆိုတာဟာ Kpop Idol တိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ အခုဆိုရင်တော့ BLACKPINK အဖွဲ့ဟာ သူမတို့ရဲ့ ပထမဆုံးသော ဂျပန် Dome Tour ကို ကျင်းပပြုလုပ်တော့မယ်လို့ သိရပါတယ်။ BLACKPINK အနေနဲ့ ဂျပန်နိုင်ငံမှာ ဖျော်ဖြေတင်ဆက်မှုတွေ၊ Concert တွေ အများကြီးလုပ်ခဲ့ဖူုးပေမယ့်လည်း Dome Tour အနေနဲ့ဆိုရင်တော့ ဒါက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ကျင်းပပြုလုပ်မယ့်အချိန်ကတော့ အခု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှဖြစ်တယ်လို့ သိရပြီး ကျင်းပမယ့်မြို့တွေကတော့ တိုကျို၊ အိုဆာကာ နဲ့ ဖူကိုကာမြို့တွေမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ နေ့ရက်တွေနဲ့ အတိအကျဆိုရင်တော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ တိုကျိုမြို့ရှိ Tokyo Dome မှာကျင်းပမှာဖြစ်ပြီး အိုဆာကာမြို့ရှိ Kyocera Dome မှာတော့ ၂၀၂၀ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တို့မှာ ကျင်းပမယ်လို့ သိရပါတယ်။ နောက်ထပ်မြို့င်္ကြီးတစ်မြို့ဖြစ်တဲ့ ဖူကိုကာမြို့ရဲ့ Yahuoku! Dome မှာကတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စုစုပေါင်း ၄ ပွဲကျင်းပမယ့် ထို Dome Tour မှာ တစ်ပွဲကို တက်ရောက်မယ့် ပရိသတ်အရေအတွက်ဟာ ပျှမ်းမျှအားဖြင့် ၅၀၀၀၀ ရှိတာမို့လို့ ၄ ပွဲလုံးအနေနဲ့ဆိုရင် ပရိသတ်ပေါင်း ၂ သိန်းကျော်တက်ရောက်ကြမယ့် Dome Tour ဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ BLACKPINK ရဲ့Dome Tour မှာ အစိတ်အပိုင်းလေးတစ်ခုအနေနဲ့ပါဝင်ချင်တယ်ဆိုရင်တော့ အခုကတည်းက ပြင်ဆင်ထားဖို့အတွက် အကြံပေးလိုက်ပါရစေ။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။