အူဘာမီယန်းရဲ့အမြန်နှုန်းကို လျော့တွက်ခဲ့မိလို့ ဂိုးပေးခဲ့ရတဲ့ ၀က်ဖို့ဒ်

Posted on - Apr 16 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ပွဲစဉ်၃၄အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ဝက်ဖို့ဒ်နဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့အာဆင်နယ်အသင်းအဝေးကွင်းမှာ၀၁ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ဒီရာသီအဝေးကွင်းခြေစွမ်းညံ့ဖျင်းလွန်းနေတဲ့အာဆင်နယ်အသင်းအတွက်တော့ ဒီအဝေးကွင်းနိုင်ပွဲက အာဆင်နယ်အသင်းအတွက် အရမ်းကို အရေးပါတဲ့နိုင်ပွဲတစ်ပွဲပါ။ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည် တော်တော်လေးဆိုးရွားနေတဲ့အသင်းပါ။ ဒါကြောင့် ဒီအဝေးကွင်းနိုင်ပွဲက ချန်ပီယံလိဂ်တစ်နေရာရရှိဖို့ တိုက်ပွဲဝင်နေရတဲ့ အာဆင်နယ်အတွက် ကြီးမားတဲ့ယုံကြည်မှုတစ်ခုအဖြစ် အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်လို့ အာဆင်နယ်နည်းပြအမ်မရီအနေနဲ့ အူဘာမီယန်း၊ တော်ရဲရား၊ ရမ်ဆေး၊ ဂျာကာ စတဲ့ကစားသမားတွေနဲ့ပွဲထွက်လာခဲ့ပါတယ်။ ၀က်ဖို့ဒ်ကလည်း ဥရောပ၀င်ခွင့်မျှော်လင့် ချက်ရှိနေသေးလို့ အဓိကကစားသမားအစုံအလင်နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။

ဒီပွဲအတွက် တစ်ဂိုးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၁၀ မိနစ်မှာပဲ အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းက သွင်းယူသွားခဲ့တာပါ။ ဒီဂိုးမှာ အူဘာမီယန်းရဲ့လျင်မြန်မှုကို အသိအမှတ်ပြုရမှာဖြစ်ပြီး ၀က်ဖို့ဒ်ဂိုးသမားဖော် စတာအနေနဲ့လည်း အူဘာရဲ့အမြန်နှုန်းကို လျော့တွက်ခဲ့မိလို့ ခံလိုက်ရတဲ့ဂိုးလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အူဘာမီယန်းက သူ့အနေနဲ့ အဲဒီလိုဂိုးမျိုးကို အမြဲတမ်းသွင်းချင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အူဘာမီယန်းဂိုးသွင်းပြီး တစ်မိနစ်အကြာမှာ ၀က်ဖို့ဒ်တိုက်စစ်မှူးဒီနေး အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။ တစ်ယောက်အသာရခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ သိသိသာသာ ဖိမကစားနိုင်ခဲ့ဘဲ ၀က်ဖို့ဒ်ရဲ့တစ်ချက်တစ်ချက် ထိုးဖောက်မှုတွေကိုတောင် အသည်းအသည်ကာကွယ်ခဲ့ရပါတယ်။

အနိုင်ရခဲ့ပေမယ့် အာဆင်နယ်နဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာကောင်းလွန်းခဲ့တာအမှန်ပါပဲ။ ဒီပုံစံနဲ့ ပရီးမီးယားလိဂ်အဝေးကွင်း ၃ ပွဲ ကစားဖို့ ကျန်နေသေးတဲ့အာဆင်နယ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်က စိုးရိမ်စရာကောင်းနေသေးတာတော့အမှန်ပါပဲ။ အာဆင်နယ်ဟာ ဒီပွဲအနိုင်ကြောင့် ၃၃ ပွဲကစားပြီး ၆၆ မှတ်ရရှိကာ ဂိုးကွာခြားချက်အသာနဲ့ အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

PPT(မိုမိုလေး)

ဝက်ဖို့ ၀-၁ အာဆင်နယ် ဟိုက်လိုက်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။