သေမင်းနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ ရရှိလာသောာ ဒုတိယမြောက်အသက်နဲ့ ရှင်သန်နေရတဲ့ Super Junior အဖွဲ့ဝင် Kyuhyun

Posted on - Apr 16 []

Mia Zin

စာရေးသူ

လူတွေပြောပြောနေကျတဲ့ လူတစ်ယောက်မှာ အသက် ၁ ချောင်းပဲပါတယ် အပိုမပါဘူးဆိုတဲ့စကားက Super Junior ရဲ့ Kyuhyun အတွက်တော့ မှားမယ်ထင်ပါတယ်။ Cho Kyuhyun တစ်ယောက် သေမင်းနဲ့ရင်ဆိုင်ပြီး ဘယ်လိုပြန်ရှင်သန်လာခဲ့သလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။

၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ Super Junior ရဲ့ ယာဉ်တိုက်မှုဟာ Kpop Industry ရဲ့ယာဉ်တိုက်မှုတွေထဲက အဆိုးဝါးဆုံးသောတစ်ခုဖြစ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့နေ့တုန်းက Kyuhyun နဲ့ Shindong ဟာ Leeteuk နဲ့ Eunhyuk တို့ DJ Host လုပ်တဲ့ Kiss The Radio ဆိုတဲ့ အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်ပြီး အဖွဲ့ဝင်တွေအတူတူအဆောင်ဆီကိုပြန်လာခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုက အဆောင်ကိုပြန်လာတဲ့လမ်းမှာဖြစ်ခဲ့တာပါ။

ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ သူရင်ဆိုင်ခဲ့ရတဲ့ သေခြင်းတရားဆိုတာကို Kyuhyun က "Strong Heart" အစီအစဉ်မှာ ပြောပြခဲ့တာပါ။ ပြန်လာရာလမ်းတစ်လျှောက်မှာ Kyuhyun က ကားအနောက်ခန်းမှာထိုင်ကာ သီချင်းနားထောင်မျက်လုံးမှိတ်ပြီး လိုက်လာခဲ့တာဖြစ်ပါတယ်။ ထိုစဉ် ကားဘီးပွတ်တိုက်သံနဲ့ ခွမ် ခွမ် ခွမ် ဆိုတဲ့ အသံတွေကြားလိုက်ရပြီး ကားက ပတ်ချာလည်သွားတယ်လို့ဆိုပါတယ်။

Kyuhyun လည်း သတိတစ်ချက်မေ့သွားပြီး သူသတိရလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူက ကားလမ်းမပေါ်မှာရောက်နေပါပြီ။ ကားကတော့ Kyuhyun နဲ့ ခပ်လှမ်းလှမ်းမှာ ပတ်လက်လန်နေပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူစဉ်းစားမိလိုက်တာက "သေတယ်ဆိုတာ ဒီလိုမျိုးပါလား" ဆိုတဲ့အတွေးဖြစ်ပါတယ်။ သူ့ကလေးဘ၀က ပုံရိပ်တွေ၊ မိသားစုနဲ့ပျော်ခဲ့တဲ့ပုံတွေ၊ မူကြိုစတက်ခဲ့တဲ့ပုံတွေ၊ SJ အနေနဲ့ Debut ပြီး ဆုယူခဲ့တဲ့ပုံရိပ်တွေ အားလုံးဟာ ရုပ်ရှင်ကားတစ်ချပ်လိုမျိုး သူ့မျက်လုံးထဲမှာပေါ်လာတယ်လို့ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် နံရိုးတွေကျိုးသွားခဲ့ပြီး ထိုနံရိုးတွေက အဆုတ်ကိုဖောက်နေခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဆရာဝန်တွေက လည်ချောင်းကိုဖောက်ကာ ခွဲစိတ်မှုလုပ်ရမယ်လို့ မိဘတွေနဲ့ Company ပြောလိုက်တဲ့အခါ Kyuhyun ကို အဆိုတော်လုပ်ဖို့တားမြစ်ခဲ့တဲ့ Kyuhyun ရဲ့အဖေက ဒီလိုမျိုးခွဲစိတ်ဖို့ကို တားမြစ်ခဲ့ပါတယ်။ အဆိုပါခွဲစိတ်မှုကလည်း ရာနှုန်းပြည့်ပြန်ကောင်းလာဖို့ကို အာမခံမပေးနိုင်ပါဘူး။ "လည်ချောင်းကိုဖောက်ပြီးခွဲစိတ်လိုက်ရင် ဒီကလေးရဲ့အနာဂတ်ဘယ်လိုလုပ်မလဲ။ ဒီကလေးက အဆိုတော်အရမ်းဖြစ်ချင်တဲ့သူ၊ သူ့ရဲ့အိပ်မက်တွေသာဖျက်စီးလိုက်ရင် သူ ရှင်လျှက်နဲ့သေသလိုဖြစ်သွားမှာပေါ့" ဆိုတဲ့ စကားတွေနဲ့တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဆရာဝန်တွေကလည်း သားဖြစ်သူက သေခါနီးဖြစ်နေတာတောင် ဒီလိုမျိုးပြောနိုင်သေးတယ်ဆိုပြီး ဒေါသထွက်ပြီး အခြေအတင်တွေဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Wang Young Pi ဆိုတဲ့ဆရာဝန်တစ်ယောက်က ရောက်လာပြီး ကိုမာဝင်နေတဲ့ Kyuhyun ကို တစ်ချက်စစ်ဆေးကာ ဒီကလေးကို သူ တခြားသောနည်းနဲ့ ခွဲစိတ်မယ်လို့ပြောပြီး ခွဲစိတ်ပေးခဲ့ပါတယ်။ ကိုမာ ၄ ရက်လောက်ဝင်ပြီး ပြန်လည်သတိရလာပြီးတဲ့နောက်မှာတော့ သူမသိပဲနဲ့ သူ့ရဲ့အိပ်မက်တွေကို ကာကွယ်ပေးခဲ့တဲ့အဖေ့ကြောင့် အသည်းအသန်ငိုကြွေးခဲ့ရတယ်လို့ ဆိုပါတယ်။

Kyuhyun နဲ့အတူတူ ကားမှောက်ရာမှာပါဝင်ခဲ့တဲ့ Leeteuk ကလည်း အသက်အန္တရယ်စိုးရိမ်ရတဲ့အခြေအနေရှိခဲ့ပြီး အချက်ပေါင်း ၁၈၀ လောက်ချုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ Shindong နဲ့ Eunhyuk ကတော့ ဒဏ်ရာအနည်းငယ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ Kyuhyun ကားလမ်းမပေါ်မှာ လဲနေတဲ့အချိန်မှာလည်း Eunhyuk က Kyuhyun လက်ကိုဆုပ်ကိုင်ပေးထားခဲ့ပြီး ငိုကြွေးနေတဲ့ Kyuhyun နဲ့အတူတူ ဆုတောင်းပေးနေခဲ့တယ်လို့ Kyuhyun ကိုယ်တိုင်ပြန်လည်ပြောပြခဲ့ပါတယ်။

ဆေးရုံက ဆင်းပြီး(၅) လအကြာမှာတော့ အဖွဲ့နဲ့အတူတူ အနုပညာလှုပ်ရှားမှူတွေကိုဆက်တိုက်ပြုလုပ်ခဲ့ပြီး ယခုအချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်သူ့ဝန်ထမ်းအနေနဲ့ အမှုထမ်းနေရတာဖြစ်ပါတယ်။ လာမယ့်မေလထဲမှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး Super Junior အဖွဲ့ဝင်တွေနဲ့အတူတူ အနုပညာလှုပ်ရှားမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။

Kyuhyun အဖေသာ ထိုစဉ်အချိန်တုန်းက လည်ချောင်းခွဲစိတ်မှုကို မတားဆီးပေးခဲ့ရင် ယခုအချိန်မှာ Kyuhyun ရဲ့အသံချိုချိုအေးအေးလေးကို ဘယ်လိုလုပ်နားထောင်နေနိုင်မှာလဲနော်။ Kyuhyun တစ်ယောက် ရှေ့ဆက်လက်ပြီးလည်း အဖြစ်ဆိုးတွေနဲ့မရင်ဆိုင်ရပဲ ချစ်မြတ်နိုးတဲ့အနုပညာအလုပ်တွေကို သူချစ်တဲ့SUJUကအစ်ကိုတွေနဲ့အတူတူ ကျန်းမာပျော်ရွှင်စွာဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref : Wiki, YouTube
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။