ဒီလိုက်ခ်ျကို ခေါ်ယူရန် ဘာစီလိုနာအသင်း သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်းများထွက်ပေါ်

Posted on - Apr 18 []

Gunner Ksr

စာရေးသူ

လာလီဂါထိပ်သီးကလပ်ဘာစီလိုနာအသင်းဟာ အေဂျက်ဇ်နောက်ခံလူဒီလိုက်ခ်ျကို ခေါ်ယူရန် အေဂျက်ဇ်အသင်းနဲ့ သဘောတူညီမှုရရယူနိုင်ခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ ဒီလိုက်ခ်ျဟာ ပြီးခဲ့တဲ့ ဂျူဗင် တပ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ခြေစွမ်းပြပြီး အသင်းအတွက် နောက်တစ်ဆင့်တက်စေမယ့် အရေးပါတဲ့အနိုင်ဂိုးကို သွင်းယူပေးခဲ့သူပါ။ ဒီလိုက်ခ်ျနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အပြောင်း အရွှေ့သတင်းဟာ ပြီးခဲ့တဲ့ဇန်န၀ါရီလကတည်းက အဆက်မပြတ်ထွက်ပေါ်နေခဲ့ပြီး အခုအခါမှာတော့ ပိုမိုကျယ်လောင်လာတာ ဖြစ်ပါတယ်။

နာမည်ကျော်အားကစားဝက်ဆိုက်တစ်ခုဖြစ်တဲ့ ESPN ကတော့ ဘာစီလိုနာအနေနဲ့ ဒီလိုက်ခ်ျကိုခေါ်ယူဖို့ အေဂျက်ဇ်နဲ့ နှစ်သင်းကြား သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ အမေရိကန်အားကစားရုပ်သံတွေ က နေ ဘာစီလိုနာအနေနဲ့ ယူရိုသန်း ၈၀ နဲ့ ဒီလိုက်ခ်ျကို ခေါ်ယူနိုင်တော့မယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဒီလိုက်ခ်ျဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး အေဂျက်ဇ်ရဲ့အသင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ထူးချွန်တဲ့အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒီလိုက်ခ်ျဟာ ဥရောပရဲ့အကောင်းဆုံးနောက်ခံ လူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါကြောင့် ဒီလိုက်ခ်ျ ခေါ်ယူဖို့အတွက် ဥရောပထိပ်တန်းကလပ်တော်တော်များများက ပစ်မှတ်ထားနေကြပြီး ဘာစီလိုနာအနေနဲ့ လက်ဦးမှုရယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ဒီလိုက်ခ်ျဟာ အေဂျက်ဇ်အသင်းအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အေဂျက်ဇ်အတွက် ၂၀၁၆ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့သူပါ။

ဒီလိုက်ခ်ျဟာ အေဂျက်ဇ်အတွက် ၃ ရာသီအတွင်း ပြိုင်ပွဲစုံစုစုပေါင်း ၁၁၀ ပွဲကစားထားပြီး ၁၁ ဂိုးအထိသွင်းယူထားခဲ့သူပါ။ ဘာစီလိုနာဟာ ဒီလိုက်ခ်ျရဲ့အသင်းဖော် ဒီဂျောင်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ် ပါတယ်။ ဒီလိုက်ခ်ျကို ခေါ်ယူဖို့ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့က ကြိုးပမ်းနေတာကြောင့် ဘာစီလိုနာအနေနဲ့ လက်ဦးမှုရယူဦးမလားဆိုတာက စိတ်ဝင်စားစရာပါ။ ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူကလည်း သူ့အနေနဲ့ ဒီလိုက်ခ်ျကို ခေါ်ယူမယ့်ကြောင်း အရိပ်အမြွက်ပြောဆိုသွားခဲ့ပါသေးတယ်။

Ref Be Soccer

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။