တူရင်မြို့ကို ချန်ပီယံလိဂ်ဖလားရောက်လာတော့မယ်ဆိုတဲ့အကြောင်း ပြောလာတဲ့ ဘာနာဒက်ချီ

Posted on - Apr 18 []

Gunner Ksr

စာရေးသူ

ဂျူဗင်တပ်တောင်ပံကစားသမားဘာနာဒက်ချီက သူတို့အသင်းအနေနဲ့ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရမှုကနေ နိုးထသင့်ပြီး ဂျူဗင်တပ်ဟာ လာမယ့် ၂ နှစ် အတွင်း ချန်ပီယံလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်ကို အဝေးကွင်းမှာ ၁-၁ ဂိုး သရေကစားနိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ အံ့အား သင့်ဖွယ် ရှုံးနိမ့်ခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ကနေပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို ကွာတားဖိုင်နယ်ကနေ လက်ပြနှုတ်ဆက်ခဲ့ရမှုအတွက် ရော်နယ်ဒိုကိုလည်း ဂျူဗင်တပ်ပရိသတ်တွေက ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေပြီး ရော်နယ်ဒိုအတွက် သုံးလိုက်ရတဲ့ငွေတွေဟာ နှမြောစရာကောင်းတယ် လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၁၉၉၆ ခုနှစ်က နောက်ဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း အမြင့်ဆုံးအနေနဲ့ ဗိုလ်လုပွဲအထိသာ တက်ရောက်နိုင်ခဲ့တာပါ။ ဂျူဗင်တပ်ဟာ ၂၀၁၅ ဗိုလ်လုပွဲမှာ ဘာစီ လိုနာနဲ့ ၂၀၁၇ ဗိုလ်လုပွဲမှာ ရီးရဲအသင်းတို့ကို အရေးနိမ့်ခဲ့ရတာပါ။

ဒါပေမယ့်လည်း ဘာနာဒက်ချီကတော့ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ နီးစပ်နေပြီး လာမယ့် ၂ နှစ်အတွင်းမှာ ရယူနိုင်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။ ဘာနာဒက်ချီက "အမ်လီဂရီ ဆက်ရှိဖို့က အ ရမ်းအရေးပါပါတယ်။ အသင်းဥက္ကဋ္ဌအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် စီမံကိန်း တည်ဆောက်သွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ချန်ပီယံလိဂ်ဖလားဟာ တူရင်ကို ရောက်လာတော့မယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ လာမယ့်နှစ်မှာမဟုတ်ရင်တောင် နောက်တစ်နှစ်ကျော်လောက်ပေါ့။ ဒါက ဖြစ်လာတော့မှာပါ"လို့ ပြောဆိုသွားခဲ့တာပါ။ ဂျူဗင်တပ်နည်းပြ အမ်လီဂရီကတော့ အေဂျက်ဇ်အသင်းအနေနဲ့ ထိုက်တန်တဲ့နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သူ့အနေနဲ့ လာမယ့်ရာသီမှာလည်း ဂျူဗင်တပ်နည်းပြအဖြစ် ဆက်ရှိ နေမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။