ရက်ရှ်ဖို့ဒ်ကိုပေးတဲ့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာပိုင်း ညွှန်ကြားချက်စာရွက်ကို ခိုးဖတ်ခဲ့တဲ့ တာစတီဂျန်

Posted on - Apr 18 []

Htoo Yan Ag

စာရေးသူ

ပြီးခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အဖြစ်အပျက်တစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက နည်းဗျူဟာပိုင်းဆိုင်ရာ ညွှန်ကြားချက်တစ်ခုကို စာရွက်အပိုင်းအစ တစ်ခုပေါ်မှာ ရေးသားပြီး တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ထံ ပေးပို့ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အဆိုပါ စာရွက်ဟာ ဘာစီလိုနာ ဂိုးသမားထံ ရောက်ရှိသွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ပွဲကစားချိန် ပထမပိုင်းမှာပဲ တိုက်စစ်ပိုင်း ကစားပုံ နည်းဗျူဟာအချို့ အပြောင်းအလဲ ပြုလုပ်လိုတာကြောင့် စာရွက်ပေါ်မှာ ရေးသားပြီး ရက်ရှ်ဖို့ဒ်ကို ပေးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဆိုးလ်ရှား ပေးတဲ့ စာရွက်ကို ဖတ်ရှုပြီးနောက် လက်တွင်းမှာ ဆုပ်ကိုင်ထားကာ ပွဲကို ဆက်လက်ကစားနေခဲ့ပါတယ်။

မိနစ်အနည်းငယ် အကြာမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းရဲ့ ဘီးကုပ်စက်ဝိုင်းထိပ်နားမှာ ၄င်းစာရွက်ကို လွှင့်ပစ်ခဲ့ပါတယ်။ အဲ့ဒီစာရွက်ကို ဘာစီလိုနာအသင်းရဲ့ ဂိုးသမား တာစတီဂျန်က ချက်ချင်းပဲ ကောက်ယူဖတ်ရှုပြီး ရက်ရှ်ဖို့ဒ် လွှင့်ပစ်ခဲ့တဲ့ နေရာမှာပဲ မသိမသာ ပြန်လည်ချထားခဲ့ပါတယ်။ GOL က ရိုက်ကူးထားခဲ့တဲ့ ကင်မရာမှာတော့ တာစတီဂျန်ရဲ့ အပြုအမူကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေထံ ပြန်လည် ဖော်ပြခဲ့ပါတယ်။

အဆိုပါ အဖြစ်အပျက်ဟာ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ပေမယ့် ဘောလုံးပွဲတစ်ပွဲမှာတော့ အရေးပါတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အချက်အလက်တစ်ချို့ကို ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေ သိရှိသွားခဲ့တာဟာ အသင်းရှုံးနိမ့်စေမယ့် အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်နေတာပါ။ ဘာစီလိုနာ ပရိသတ်တွေကတော့ ဂိုးသမားအနေနဲ့ အေးအေးဆေးဆေး စာဖတ်ချိန် ရခဲ့တဲ့ ယူနိုက်တက် တိုက်စစ်ပိုင်းကို လှောင်ပြောင်ခဲ့ကြပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ဘာစီလိုနာအသင်းဟာ ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း (၄-၀) ဆိုတဲ့ ရလဒ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ်အချို့ကတော့ အဆိုပါ ဖြစ်ရပ်ကြောင့် ဘာစီလိုနာဘက်ကို ဂိုးမသွင်းနိုင်တာ ဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာစီလိုနာအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး နောက်ထပ် အင်္ဂလန် ကလပ်တစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

REF : BeSoccer
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။