မိုနာကိုမှာ ကစားခဲ့စဉ်က ခြေစွမ်းမျိုး ပြန်ရနေပြီဟု ဖာဘင်ဟိုကြုံးဝါး

Posted on - Apr 18 []

Htoo Yan Ag

စာရေးသူ

လီဗာပူးကွင်းလယ်လူ ဖာဘင်ဟိုက သူ့အနေနဲ့ လီဗာပူးကို ရောက်ခါစတုန်းက ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ မိုနာကိုမှာတုန်းကလို ခြေစွမ်းမျိုး ပြန်ရနေပြီလို့ ကြုံးဝါးပြောဆို သွားခဲ့ပါတယ်။ ဖာဘင်ဟိုဟာ ယခုနောက်ပိုင်းပွဲစဉ်တွေမှာတော့ နည်းပြ ဂျာဂင်ကလော့ပ်ရဲ့ လူစာရင်းတွေမှာ မကြာခဏ ပါဝင်လာခဲ့ပြီး ခြေစွမ်းပြ ကစားနေနိုင်တာလည်း ဖြစ်ပါတယ်။ ဖာဘင်ဟိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ မိုနာကိုအသင်းကနေ ပေါင်၃၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ တစ်ယောက်ပါ။

ဖာဘင်ဟိုက “ကျွန်တော်လီဗာပူးကို စရောက်တုန်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အသင်းမှာ ကစားသမားကောင်းတွေ ပေါများတာကြောင့် ပွဲထွက်ခွင့် မရခဲ့ပါဘူး။ အထူးသဖြင့် လီဗာပူးအသင်းဟာ တိုက်စစ်၃ယောက် ထားကစားတဲ့ အသင်းဖြစ်လို့ ကွင်းလယ်လူတွေအတွက် နေရာရဖို့ ပိုမိုကြိုးစားရပါတယ်။ "

" လက်ရှိအချိန်မှာတော့ ကျွန်တော့အနေနဲ့ မိုနာကိုမှာတုန်းကလို ခြေစွမ်းမျိုး ပြန်ရနေပြီလို့ ယုံကြည်ပါတယ်။ ပွဲထွက်ခွင့်ကတော့ နည်းပြအပေါ်ပဲ မူတည်ပါတယ်။ ကစားသမားရွေးချယ်တာက နည်းပြတာဝန်ဖြစ်ပြီး ကစားခွင့်ရတဲ့ အချိန်မှာ အကောင်းဆုံး ကြိုးစားဖို့က ကျွန်တော်တို့ ကစားသမားတွေရဲ့ တာဝန်ပါပဲ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဖာဘင်ဟိုဟာ ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်သလို လိုအပ်ရင် နောက်ခံလူအဖြစ်လဲ ကစားနိုင်သူ ဖြစ်ပါတယ်။ မိုနာကိုအသင်းမှာ ခြေစွမ်းပြခဲ့လို့ လီဗာပူးအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် ရာသီအစက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်လဲ ပျောက်ဆုံးခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ပွဲထွက်ခွင့် ပြန်ရခဲ့သလို အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည်ပြသနေပြီး နည်းပြ ကလော့ပ်ရဲ့ ယုံကြည်အားကိုးခြင်း ခံနေရတဲ့ ကစားသမား တစ်ဦး ဖြစ်နေပါပြီ။ မနေ့ညက ပေါ်တို အသင်းကို ဂိုးပြတ်အနိုင် ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း အသင်းအတွက် ပွဲထွက် ပါဝင်ခွင့် ရရှိခဲ့ကာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။