ဘောလုံးနတ်ဘုရား လီယွန်နယ်မက်ဆီရဲ့ဘ၀ထဲက သင်ယူစရာများ

Posted on - Apr 21 []

Htoo Yan Ag

စာရေးသူ

လီယွန်နယ်မက်ဆီဆိုရင် လူကောင်သေးသေးလေးပေမဲ့ ၂၁ရာစုရဲ့ဘောလုံးနတ်ဘုရားလို့ တင်စားရလောက်တဲ့အထိ စွမ်းရည်ရှိတဲ့သူတစ်ယောက်ဆိုတာ အားလုံးလည်းသိကြမှာပါ။ ဒီလိုကမ္ဘာကျော်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဥုံဖွဆိုပြီး မန်းမှုတ်တာနဲ့ရတာမဟုတ်ပါဘူး။ ရေကုန်ရေခမ်းကြိုးစားပြီးမှသာရခဲ့တာပါ။ ဒီလိုတွေအောင်မြင်ဖို့ မက်ဆီဘယ်လိုကြိုးစားခဲ့ရလဲ၊ သူ့ရဲ့လေးစားအတုယူစရာကောင်းတဲ့ စိတ်နေစိတ်ထားလေးတွေကို မိုမိုလေးပရိသတ်တို့လည်း အတုယူလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ကိုယ့်အိပ်မက်တွေကို ရအောင်အကောင်အထည်ဖော်ပါ

ကိုယ့်အိပ်မက်တွေ ဖြစ်မလာတော့ပါဘူးလို့တွေးနေမိရင် နောက်ဆုံးအချိန်ထိမရရအောင်ကြိုးစားသွားမှဖြစ်မယ်ဆိုတဲ့စိတ်လည်း မွေးလိုက်ပါ။ မက်ဆီကတော့ ဘာတွေပဲဖြစ်လာဖြစ်လာ နောက်ဆုံးအချိန်ထိ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်သွားခဲ့ပါတယ်။ ဒါနဲ့ပက်သက်ပြီးတော့ လီယွန်နယ်မက်ဆီက “အိပ်မက်တွေ ဖြစ်လာဖို့ အကောင်းဆုံးကြိုးစားဖို့လိုတယ်။ အဆုံးထိသာဆက်သွားပါ” လို့ပြောသွားခဲ့ပါတယ်။

(၂) အောင်မြင်မှုဆိုတာ ရုပ်ရည်မလိုပါဘူး။ လုပ်ချင်စိတ်ဖြစ်ချင်စိတ်ပဲလိုတာပါ။

မက်ဆီက ရော်နယ်ဒိုလို အရပ်မရှည်ပေမဲ့ တစ်ကမ္ဘာလုံးကို အပြင်ပန်းသွင်ပြင်ကအရေးကြီးတာမဟုတ်ဘဲ စိတ်စွမ်းအားကသာ အဓိကကျတဲ့အကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ငါကအရပ်ပုလိုက်တာ၊ ရုပ်လည်းမလှဘူး၊ ခန္ဓာကိုယ်လည်းမလှဘူးလို့တွေးနေရင် မက်ဆီကိုသာသတိရလိုက်ပါ။ သူငယ်ငယ်တုန်းက နည်းပြတွေက လူကောင်သေးလွန်းတဲ့အတွက် ဖြစ်မှာမဟုတ်ဘူးလို့ယူဆခဲ့ကြတယ်။ ဒါပေမဲ့ လူကောင်သေးသေးလေးကပဲ အရပ်ရှည်ပြီးဗလတောင့်တဲ့သူတွေထက် အမြန်နှုန်းနဲ့ဘောလုံးကိုထိန်းချုပ်နိုင်စွမ်းရှိတယ်။ အခုဆိုရင် ဒီလူကောင်သေးသေးလေးက ကမ္ဘာတောင်ကျော်နေပြီမဟုတ်လား။ ဒါကြောင့် ဘာကိုမှအားမလျှော့လိုက်ပါနဲ့။ မက်ဆီပြောသွားတာက “ကျွန်တော့်ရည်မှန်းချက်တွေဖြစ်လာဖို့ ကောင်းသထက်ကောင်းအောင် မရပ်မနားကြိုးစားသွားတယ်။ အခုရောက်နေတဲ့နေရာထက်ပိုကောင်းအောင် ထပ်ကြိုးစားစရာမလိုတော့ဘူးလို့တွေးလိုက်တာဟာ ကစားသမားတစ်ယောက်အတွက် အဆုံးသတ်ဖို့လမ်းစပါပဲ”တဲ့။

(၃) မလိမ်မညာဘဲ ရိုးရိုးသားသားနေထိုင်တယ်

မက်ဆီက ပင်နယ်တီရဖို့အတွက် တခြားကစားသမားတွေလို တမင်သက်သက်ကြီးလှဲချပစ်တာမျိုး လုံးဝမလုပ်တဲ့သူတစ်ယောက်ပါ။ သူ့ကြည့်လိုက်ရင် အမြဲတမ်း အေးအေးဆေးဆေးနဲ့လုပ်စရာရှိတာကိုလုပ်သွားတဲ့သူမျိုးပါ။ အားလုံးကို လေးလေးစားစားနဲ့ နှိမ့်ချပြီးဆက်ဆံတတ်တယ်။ ကစားပွဲတွေမှာ မက်ဆီရန်ဖြစ်ငြင်းခုန်တာမျိုးတွေလည်း မတွေ့ရတတ်ပါဘူး။ မက်ဆီရဲ့အပြုအမူ၊ စိတ်နေစိတ်ထားတွေက တကယ်ကိုစံပြပါပဲ။ ကိုယ့်အိပ်မက်တွေဖြစ်လာဖို့ မက်ဆီလိုရိုးရိုးသားသားနဲ့ကြိုးစားဖို့ပဲလိုပါတယ်။ “ပြိုင်ပွဲက အနိုင်အရှုံးဆိုတာထက် ဘ၀မှာအရေးကြီးဆုံးအရာတွေမဆုံးရှုံးဖို့ပဲလိုပါတယ်” လို့မက်ဆီကပြောသွားပါတယ်။

(၄) ကိုယ့်အားနည်းချက်ကြောင့်နဲ့ အိပ်မက်ကိုဘယ်တော့မှလက်မလျှော့ဘူး

မက်ဆီအသက် ၁၁နှစ်တုန်းက ဖွံ့ဖြိုးမှုနှုန်း နည်းပါးတဲ့ရောဂါကို ခံစားခဲ့ရတယ်။ မက်ဆီရဲ့ဆေးကုသစရိတ်က တစ်လကို ဒေါ်လာ ၉၀၀ ရှိခဲ့တယ်။ ဖခင်က သံမဏိစက်ရုံအလုပ်သမားဖြစ်ပြီး မိခင်က အချိန်ပိုင်းသန့်ရှင်းရေးဝန်ထမ်းဖြစ်တဲ့အတွက် ဆေးကုသစရိတ်ကို မတတ်နိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက နယူးဝဲလ်အိုးလ်ဘွိုင်းအသင်းက မက်ဆီရဲ့ဘောလုံးစွမ်းရည်ကိုသဘောကျပေမဲ့ ဆေးကုသစရိတ်မပေးချင်ခဲ့ဘူး။ အဲဒီလိုနဲ့ ဘာစီလိုနာအသင်းဒါရိုက်တာက မက်ဆီကိုသဘောကျပြီး စာချုပ်ချုပ်ခဲ့တယ်။ မက်ဆီသာအဲဒီ့တုန်းက သူ့ရောဂါကြောင့် ဘောလုံးကစားတာလက်လျှော့ခဲ့ရင် ဒီနေ့မှာ ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်အဖြစ်ရှိလာမှာတောင်မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားနည်းချက်ကြောင့်နဲ့ အိပ်မက်ကို ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့။ အားနည်းချက်ကို အားသာချက်အဖြစ်အသွင်ပြောင်းလိုက်ပါ။

(၅) သစ္စာတရားကြီးမားတဲ့သူ

အခုဆိုရင် မက်ဆီ ဘာစီလိုနာအသင်းမှာကစားခဲ့တာ ၁၅နှစ်လောက်ရှိပါပြီ။ သူ့လိုအရည်အချင်းရှိတဲ့ကစားသမားကောင်းတစ်ယောက်ကို တခြားကလပ်အသင်းတွေက ဘာစီလိုနာအသင်းထက်ပိုများတဲ့ငွေနဲ့ လာကမ်းလှမ်းခဲ့ပေမဲ့လည်း သူကတော့အပြတ်သားဆုံးငြင်းပြီး ဘာစီလိုနာအတွက် သစ္စာရှိခဲ့ပါတယ်။ မက်ဆီက ဘောလုံးကစားတာ ငွေကြောင့်မဟုတ်ဘဲ ဘောလုံးကစားတာကို ကြိုက်လို့ကစားတာပါဆိုတဲ့ လေးစားဖို့ကောင်းတဲ့လူသားတစ်ယောက်ပါ။

(၆) မိသားစုအပေါ်တန်ဖိုးထားတယ်

မိသားစုအပေါ်တွယ်တာပြီး အရမ်းချစ်တဲ့ မက်ဆီက အင်တာဗျူးတစ်ခုမှာ “ကျွန်တော့်မိသားစုကို ပြန်ပေးဆပ်ရမှာတွေအများကြီးရှိပါသေးတယ်။ သူတို့အဆင်ပြေတယ်ဆိုရင် ကျွန်တော်လည်းအဆင်ပြေပါတယ်” ဆိုပြီးပြောသွားပါတယ်။ အချစ်ရေးမှာဆိုရင်လည်း ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ညီမ၀မ်းကွဲဖြစ်သူ အန်တိုနယ်လာရိုကာဇိုနဲ့ ၅နှစ်အရွယ်ကတည်းကသိခဲ့ပေမဲ့ အသက် ၂၀အရွယ်ရောက်မှ ချစ်သူတွေဖြစ်ခဲ့တာပါ။ အခုဆိုရင် သီယာဂို၊ မာတီအို၊ စီယို ဆိုပြီးသားလေးသုံးယောက်နဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ ဘောလုံးစွမ်းရည်ကြောင့်သာမကဘဲ သူ့ရဲ့စိတ်နေစိတ်ထားတွေကြောင့်လည်း မက်ဆီကိုချစ်ခင်တဲ့သူတွေ များနေတာပါ။ ဘောလုံးလောကမှာ သူလိုလူနောက်တစ်ယောက်မရှိနိုင်တော့ပါဘူး။

Ref: life hacks
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။