ဘုရားပေးသောလက်ပိုင်ရှင် မာရာဒိုနာရဲ့ နာမည်ကျော်ကလိမ်ကကျစ်သွင်းဂိုး

Posted on - Apr 21 []

Htoo Yan Ag

စာရေးသူ

၁၉၈၆ခုနှစ် မက်ဆီကိုနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ ကွာတားဖိုင်နယ်ကိုလုခဲ့ကြပါတယ်။ ဒီပွဲက ဘောလုံးသမိုင်းမှာ အကျော်ကြားဆုံးပွဲတွေထဲက တစ်ပွဲအပါအ၀င်ပေါ့။ အဲဒီပွဲမှာ ကျောနံပါတ် ၁၀ မာရာဒိုနာက တစ်သက်လုံးအမှတ်ရစေနိုင်တဲ့ ဂိုး ၂ ဂိုးကိုသွင်းသွားခဲ့တယ်။ ပထမဂိုးကတော့ သူ့ကို ဘုရားပေးသောလက်လို့ နာမည်ကျော်သွားစေခဲ့တဲ့ဂိုးပေါ့။ အင်္ဂလန်ဂိုးသမားကို ကျော်ပြီး သူ့အသင်းသားက ကန်တင်ပေးလိုက်တဲ့ဘောလုံးကို လက်နဲ့ပုတ်ချလိုက်တဲ့အတွက် ဂိုးဝင်သွားခဲ့တာပါ။ ဒုတိယမြောက်ဂိုးကတော့ သူ့ကစားသမားဘ၀မှာ သွင်းခဲ့သမျှထဲက အကောင်းဆုံးဂိုးလို့ပြောလို့ရပါတယ်။ ပထမတစ်ဂိုးသွင်းပြီး ၄မိနစ်အကြာမှာ ဘောလုံးကို အင်္ဂလန်ကစားသမား ၅ ယောက်ရဲ့ခြေထဲကနေ ဖြတ်ကျော်ပြီး လှလှပပသွင်းသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ့နှစ်က အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ အင်္ဂလန်နှစ်နိုင်ငံကြား Falkland စစ်ပွဲဖြစ်ပြီး ၄နှစ်အကြာမှ ဒီပြိုင်ပွဲကို ကျင်းပခဲ့တာပါ။ ဒါကြောင့် ကွာတားဖိုင်နယ်မှာယှဉ်ပြိုင်ရမယ့် အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ရဲ့ပြိုင်ပွဲက လုံးဝအကျိတ်အနယ်ပါပဲ။ ပထမပိုင်းပွဲချိန်ကတော့ ဘယ်သူမှဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ ဒုတိယပိုင်းပွဲချိန်မှာတော့ သမိုင်းတွင်မယ့်ဂိုး ၂ဂိုးကို အာဂျင်တီးနားအသင်းရဲ့ မာရာဒိုနာက သွင်းပေးခဲ့ပါတယ်။ ပထမဂိုးကိုလက်သီးနဲ့ပုတ်ချပြီး ဂိုးသွင်းလိုက်တာကို ဘယ်သူမှသတိမပြုမိခဲ့ကြပါဘူး။ ဒါပေမဲ့ ဂိုးနားမှာရှိနေကြတဲ့အင်္ဂလန်အသင်းသားတွေက မြင်ပြီး ဒိုင်လူကြီး Ali Bin Nasserကို သွားပြောခဲ့ကြပါတယ်။ ဘောလုံးပွဲထုတ်လွှင့်အစီရင်ခံနေတဲ့ အင်္ဂလိပ်လူမျိုး Barry Davies က သေချာအောင်ရိုက်ကူးထားတာကို ပြန်ရစ်ကြည့်လိုက်တော့ မာရာဒိုနာရဲ့လက်အပေါ်မြှောက်ထားတာကိုတွေ့ရပေမဲ့ ဘောလုံးကိုထိခဲ့လား မထိခဲ့ဘူးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဒိုင်လူကြီးကလည်း ဂိုးဧရိယာပြင်ပကို ရောက်နေတဲ့အတွက် အသင်းသားတွေရဲ့ခန္ဓာကိုယ်နဲ့ကွယ်ပြီး သေချာမမြင်လိုက်ပါဘူး။ ဒါကြောင့် အာဂျင်တီးနားအသင်းကို ဂိုးပေးလိုက်ရပါတယ်။

အင်္ဂလန်အသင်းက ချေပဂိုးရဖို့အတွက် ရှေ့တန်းကိုတွန်းအားပေးပြီးကစားခဲ့ပေမဲ့လည်း ၄မိနစ်အကြာမှာပဲ မာရာဒိုနာက နောက်တစ်ဂိုးကို လှလှပပသွင်းသွားခဲ့ပါတယ်။ ဒီတစ်ဂိုးကတော့ အငြင်းပွားစရာမလိုတော့ပါဘူး။ ဘောလုံးပွဲကြေညာတဲ့ Davies ကတောင် “သိပ်ကောင်းတဲ့သွင်းချက်ဗျာ”လို့တအံ့တသြပြောခဲ့ရပါတယ်။ Gary Linekerက အင်္ဂလန်အသင်းဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့လည်း အရာမထင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ အာဂျင်တီးနားက အင်္ဂလန်ကို ၂ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဲဒီနှစ်ရဲ့ ကမ္ဘာ့ဖလားမှာလည်း မာရာဒိုနာကရွှေဘောလုံးဆုကို ရသွားခဲ့ပါတယ်။

ပွဲအားလုံးပြီးလို့ တီဗီမှာပြန်ပြပြီး ဓာတ်ပုံတွေပြန်ကြည့်တော့မှ မာရာဒိုနာ ဘောလုံးကိုလက်နဲ့ထိတာကို တွေ့ခဲ့ကြပါတယ်။ အဲဒါကြောင့် အမှတ်ပေးတဲ့သူက သူ့ကို “မာရာဒိုနာခေါင်းနဲ့ ဘုရားပေးသောလက်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြောချင်တာကတော့ ဥာဏ်လည်းကောင်း လက်လည်းမြန်ဆိုတဲ့အဓိပ္ပာယ်ပေါ့။ ဒီလိုတွေဖြစ်ပြီး နည်းနည်းကြာတော့မှ မာရာဒိုနာက ဘာပြောခဲ့လဲဆိုတော့ “အဲဒီ့တုန်းက ကျွန်တော့်အသင်းဖော်တွေ ကျွန်တော့်ကိုလာပြီးဂုဏ်ပြုပေးဖို့ စောင့်နေတာ။ ကျွန်တော့်ဆီ ဘယ်သူမှမလာကြဘူးလေ။ အဲဒါနဲ့ ကျွန်တော်လည်း ငါ့ကိုလာဖက် မဟုတ်ရင် ဒိုင်လူကြီးက ဂိုးပေးမှာမဟုတ်ဘူးလို့ ပြောလိုက်ရတယ်” လို့ ပြောသွားခဲ့ပါတယ်။

Maradona 'Hand of God' Goal 1986 World Cup

(တော်တော်ဥာဏ်ကောင်းတဲ့လူကြီး) မိုမိုလေးပရိသတ်တို့လည်း မာရာဒိုနာရဲ့ဥာဏ်ကောင်းချက်တွေကို လေးစားသွားပြီမဟုတ်လား။ မာရာဒိုနာရဲ့ဘုရားပေးသောလက်လို့နာမည်တွင်စေတဲ့ ဗီဒီယိုကို အောက်မှာဖော်ပြပေးထားပါတယ်။ ကမ္ဘာကျော်ဂိုးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်။

REF : goal
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။