အောင်မြင်မှုမှာရော ငွေကြေးချမ်းသာမှုမှာပါ ထိပ်ဆုံးကနေ ရပ်တည်နေကြတဲ့ နာမည်ကြီး တရုတ်မင်းသမီး (၄) လက်

Posted on - May 13 []

Mia Zin

စာရေးသူ

သရုပ်ဆောင်မင်းသမီးတစ်ယောက်ဟာ အောင်မြင်မှုကို အထွတ်အထိပ်ကို ရရှိကောင်းရရှိနိုင်ပေမယ့် ငွေကြေးချမ်းသာမှုတွေကတော့ ကံတရားအရပြောင်းလဲနိုင်ကြပါတယ်။ အခုတင်ဆက်ဖော်ပြပေးမယ့် တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီး (၄) ယောက်ကတော့ အောင်မြင်မှုမှာရော ငွေကြေးချမ်းသာမှုမှာပါ အချိန်တစ်ခုကြာသည်အထိတိုင်အောင် ထိပ်ဆုံးကနေ ရပ်တည်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

Yang Mi

ကလေးဘ၀ကတည်းက သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့သူ Yang Mi ကတော့ ၂၀၀၆ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ The Return of the Condor Heroes စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Chinese Paladin 3 မှာ ခေါင်းဆောင်မင်းသမီးနေရာအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ သူမရဲ့ အောင်မြင်မှုတွေဟာ ပိုမိုပြီးတော့အရှိန်ကောင်းလာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Ten Miles of Peach Blossoms (စစ်နတ်ဘုရားများတိုက်ပွဲ) ကို ပါဝင်သရုပ်ဆောင်ထားတဲ့ အချိန်မှာတော့ Yang Mi ဟာ ဇာတ်ကားတစ်ကားကို ယွမ် သန်း ၈၀ ရရှိတဲ့ ထိပ်တန်းကြယ်ပွင့်တစ်ပွင့် ဖြစ်လို့နေပါပြီ။ သရုပ်ဆောင်အနေနဲ့ အောင်မြင်တဲ့ သူမဟာ ဖျော်ဖြေရေးအေဂျင်စီကို တည်ထောင်ရာမှာလည်း အောင်မြင်တဲ့ CEO လုပ်ငန်းရှင်တစ်ယောက်လို့ ဆိုလို့ရပါတယ်။ Dilraba Dilmurat, Bambi Zhu Xudan နဲ့ Vin Zhang Binbin အစရှိတဲ့ နာမည်ကျော်အနုပညာရှင်တွေဟာ Yang Mi ရဲ့ အေဂျင်စီနဲ့ လက်တွဲထားကြသူတွေ ဖြစ်ကြပါတယ်။

သူမ ပိုင်ဆိုင်တဲ့ ထိုကုမ္ပဏီရဲ့ တန်ဖိုးကတော့ ခန့်မှန်းချေ ယွမ် ၄.၅ ဘီလီယံရှိတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဟောင်းဖြစ်သူ Hawick Lau နဲ့ ပြီးခဲ့တဲ့နှစ်တုန်းက တရားဝင်ကွာရှင်းထားတာဖြစ်ပြီး သူမရဲ့ ပိုင်ဆိုင်မှုပမာဏဟာ Hawick ရဲ့ ပိုင်ဆိုင်မှုထက်တောင် သာလွန်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုလက်ရှိမှာတော့ သူမရဲ့ အသက်ဟာ ၃၂ နှစ်ရှိနေပါပြီ။

Liu Tao

အသက် ၄၀ အရွယ်ရှိနေုပြီဖြစ်တဲ့ သရုပ်ဆောင်နဲ့ အဆိုတော် Liu Tao ကိုတော့ တရုတ်ပြည်မကြီးက ပရိသတ်တွေက "nation's daughter-in-law" လို့တောင် သတ်မှတ်တင်စားခဲ့ကြဖူးပါတယ်။ Nirvana In Fire, Demi Gods and Semi Devils နဲ့ Ode to Joy အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း အောင်မြင်မှုနှုန်းတွေ မြင့်တက်ခဲ့တဲ့သူမဟာ Forbes Chinese Celebrity ရဲ့ စာရင်းမှာ နံပါတ် ၆ နေရာကနေ ရပ်တည်နေခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူမရဲ့ သရုပ်ဆောင်ကြေးဟာ တစ်ကားကို ယွမ် ၃၂ မီလီယံရှိခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူ Wang Ke တစ်ယောက် စီးပွားရေးလုပ်ငန်းမှာ အရှုံးပေါ်ပြီး ယွမ် သန်း ၃၀၀ အကြွေးတွေတင်ပြီး စိတ်ဓာတ်တွေကျခဲ့တဲ့အချိန်တုန်းကဆိုရင် Liu Tao ဟာ ခင်ပွန်းဖြစ်သူရဲ့အနားမှာပဲ နေပေးခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့အကြွေးတွေအားလုံးကို သူမရဲ့ ၀င်ငွေနဲ့တင် ဆပ်ပေးခဲ့ပါတယ်။

Fan Bingbing

တရုတ်နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော မင်းသမီးဖြစ်တဲ့ Fan Bingbing ဟာ တရုတ်နိုင်ငံက ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေမှာသာမက ဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမရဲ့ ငွေကြေးချမ်းသာမှုဟာ ဘယ်လောက်တောင်များရှိသလဲဆိုရင် သူမအနေနဲ့ ချမ်းသာကြွယ်ဝပြီးသားမို့လို့ လူချမ်းသာတစ်ယောက်ကို လက်ထပ်စရာမလိုတဲ့အကြောင်းကို သူမကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောခဲ့ဖူးပါတယ်။

သူမဟာ ၂၀၁၇ ခုနှစ်တုန်းက Time မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုအရှိဆုံးသောသူအဖြစ်နဲ့ အရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အခွန်တိမ်းရှောင်မှုကြောင့် တရားစွဲခံရပြီး ဒဏ်ကြေးအနေနဲ့ ယွမ်ငွေ သန်း ၈၀၀ ကို တရုတ်အစိုးရကိုပေးဆောင်ရစဉ်တုန်းကလည်း တုံ့ဆိုင်းမှုမရှိပဲချက်ချင်းပေးဆောင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ အတော်အသင့်မဟုတ်ဘူးဆိုတာကို တွေ့မြင်နိုင်ပါတယ်။

Zhang Ziyi

ငွေကြေးချမ်းသာမှုရော အောင်မြင်မှုအရှိန်မှာပါ စံထားရလောက်အောင် ပြည့်စုံတဲ့ နောက်ထပ်မင်းသမီးတစ်ယောက်ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား မင်းသမီးတစ်လက်ဖြစ်တဲ့ Zhang Ziyi ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သူမဟာ Crouching Tiger, Hidden Dragon အစရှိတဲ့ဇာတ်ကားတွေမှာပါဝင်ခဲ့ပြီးနောက်မှာတော့ အောင်မြင်မှုအရှိန်တွေပိုမို မြင့်မားလာခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိလည်း တရုတ်နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော ထိပ်တန်းမင်းသမီးအဖြစ်နဲ့ ရပ်တည်နေဆဲပါ။

Hero, House of Flying Daggers နဲ့ The Grandmaster အစရှိတဲ့ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့တဲ့ သူမရဲ့ ၀င်ငွေဟာ ခန့်မှန်းချေ ယွမ် သန်း ၁၀၀ ရှိတယ်လို့ဆိုကြပါတယ်။ ရုပ်ရှင်ကားတွေချည်းပဲ ရိုက်ကူးခဲ့တဲ့ သူမဟာ ဇာတ်လမ်းတွဲရိုက်ကူးတာမရှိသလောက်ရှားပါးသူဖြစ်ပြီး သူမရဲ့ ပထမဆုံးသော ဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ်ကျမှရိုက်ကူးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမရဲ့ အသက်ဟာ ၄၀ ရှိနေပြီဖြစ်ပြီး ရော့ခ်အဆိုတော် Wang Feng နဲ့ ၂၀၁၅ ခုနှစ်မှာလက်ထပ်ခဲ့ကာ သမီးလေးဖြစ်တဲ့ Wang Xingxing ကိုတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ အိမ်ထောင်သည် ကလေးတစ်ယောက်အမေဆိုပေမယ့်လည်း Zhang Ziyi ကတော့ အောင်မြင်မှုစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေဆဲပါ။

Ref : Dramapanda
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။