Kim Woo Bin ရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ အနုပညာလှုပ်ရှားမှုအစီအစဉ်

Posted on - May 14 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Kim Woo Bin ဟာဆိုရင် လည်ပင်းနဲ့ဆိုင်တဲ့ ကင်ဆာရောဂါတစ်မျိုးခံစားနေခဲ့ရတာကြောင့် ၂၀၁၇ ခုနှစ် မေလလောက်ကနေ စတင်ပြီး အဆိုပါကင်ဆာရောဂါကို ပျောက်ကင်းအောင်ကုသရန်အတွက် ရိုက်ကူးရေးတွေအားလုံးကို ရပ်နားခဲ့ပါတယ်။ ထိုကင်ဆာရောဂါဟာ ရှားပါးတဲ့ကင်ဆာရောဂါတစ်မျိုးဖြစ်တာကြောင့်လည်း ပရိသတ်တွေက Woo Bin ရဲ့ ကျန်းမာရေးအခြေအနေကို စိတ်ပူနေခဲ့ကြပါတယ်။

၂ နှစ်နီးပါးလောက် ကုထုံးတွေနဲ့ စနစ်တကျ ကုသမှုခံယူပြီးချိန်မှာတော့ အခုဆိုရင် Woo Bin ရဲ့ ထိုကင်ဆာရောဂါဟာ အမြစ်ပြတ်လောက်လုနီးပါးဖြစ်နေပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း Woo Bin ကိုယ်တိုင် သူ့ရဲ့ Fan Cafe ကနေတဆင့် ဒီနှစ်ရဲ့ ဇန်န၀ါရီလတုန်းက ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ပရိသတ်တွေရဲ့ မြင်ကွင်းအရှေ့ကနေ ၂ နှစ်နီးပါးမျှ ပျောက်ကွယ်နေခဲ့ပေမယ့်လည်း ရံဖန်ရံခါဆိုသလို သူငယ်ချင်းတွေနဲ့ရော ချစ်သူ Shin Min Ah နဲ့ပါ အပြင်ထွက်ပြီး အေးဆေးလည်ပတ်နေတဲ့ပုံရိပ်တွေကတော့ ထွက်ပေါ်လာတတ်ပါတယ်။ ဒီနေ့ရဲ့ မနက်ပိုင်းတုန်းကလည်း ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူတဲ့နေ့ အထိမ်းအမှတ်နဲ့ပြုလုပ်တဲ့ ပွဲအခမ်းအနားတစ်ခုကို မင်းသား Jo Insung နဲ့အတူတူ တက်ရောက်လာတဲ့ ပုံရိပ်တွေဟာ ထွက်ပေါ်လို့လာခဲ့ပါတယ်။

အဲဒီအခါမှာ ပရိသတ်တွေက Kim Woo Bin ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပတ်သတ်ပြီးသိချင်နေကြတာကြောင့် သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ sidusHQ က ပရိသတ်တွေသိချင်နေကြတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

"Kim Woo Bin ရဲ့ လက်ရှိကျန်းမာရေးအခြေအနေက တော်တော်လေးကိုကောင်းမွန်ပါတယ်။ အရင်တစ်ခါတုန်းက သူ့ရဲ့ Fan Cafe မှာ ပြောခဲ့သလိုပဲ ကုသမှုက အောင်မြင်ခဲ့ပြီဖြစ်ပြီး အကောင်းပကတိအတိုင်းပြန်လည်ကောင်းလာဖို့အတွက် လိုအပ်တဲ့ဆေးစစ်ချက်တွေကို ပုံမှန်ပြုလုပ်လျှက်ရှိနေပါတယ်။ ရိုက်ကူးရေးတွေပြန်လည်လုပ်ဖို့အတွက်ကတော့ ဘာကိုမှအတည်ပြုထားခြင်းမရှိသေးပါဘူး" လို့ဆိုကာ ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူတဲ့နေ့ အထိမ်းအမှတ်နဲ့ပြုလုပ်တဲ့ ပွဲအခမ်းအနားကို တက်ရောက်တာနဲ့ ပတ်သတ်ပြီးလည်း အခုလိုမျိုးထုတ်ပြန်ပေးခဲ့ပါတယ်။ "သူ့ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သတ်ပြီးလို့တော့ ကျွန်တော်တို့ဘက်က အတိအကျမသိရပါဘူး။ ဒီနေ့ Jo Insung နဲ့အတူတူသွားတယ်ဆိုတာကလည်း သတင်းတွေတက်လာတော့မှသာ ကျွန်တော်တို့သိရှိရတာပါ။ ကိုးကွယ်ယုံကြည်မှုက ကိုယ်ရေးကိုယ်တာအရမ်းဆန်တဲ့ကိစ္စဖြစ်တာကြောင့် ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်တို့အနေနဲ့ သိခွင့်မရှိတာက ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Kim Woo Bin တစ်ယောက် အရင်ကထက် အများကြီးပိုမိုကျန်းမာလာတာတယ်ဆိုတာကိုတော့ ပုံပါအတိုင်းတွေ့မြင်ရမှာပါ။ အရင်လို လူကောင်းပကတိအတိုင်း ပြန်လည်ကျန်းမာပြီး အနုပညာလှုပ်ရှားမှုတွေကို အမြန်ဆုံးပြန်လည် လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။