ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ်ကစားသမား ၅ယောက်

Posted on - May 15 []

Htoo Yan Ag

စာရေးသူ

၂၀၁၈-၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီကြီး ပြီးဆုံးသွားခဲ့ပြီး ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံဆုကို ၂နှစ်ဆက် ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကို ရွေးထုတ်ဖို့ အချိန် ကျရောက်လာခဲ့ပါပြီ။ အခု မိုမိုလေး ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်တာကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ အကောင်းဆုံး တောင်ပံတိုက်စစ်ကစားသမား ၅ယောက်ပဲ ဖြစ်ပါတယ်။

၅. ရိုင်ယန်ဖရေဆာ (ဘုန်းမောက်)

ဘုန်းမောက်အသင်းရဲ့ စကော့တလန် ညာတောင်ပံကစားသမား ဖရေဆာဟာ ဒီရာသီမှာတော့ ဘုန်းမောက်အသင်းအတွက် အထူး ခြေစွမ်းပြခဲ့သူပါ။ ၂၀၁၃ ခုနှစ်ကတည်းက ဘုန်းမောက်အသင်းထံ ရောက်ရှိလာခဲ့တဲ့ အသက် ၂၅နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၇ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ကြိမ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ညာတောင်ပံမှာသာမက ကွင်းလယ်တိုက်စစ် နေရာမှာပါ ကစားနိုင်တဲ့ ဖရေဆာဟာ ဒီရာသီ အပြောင်းအရွှေ့ကာလမှာ ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာဖို့ ရှိပါတယ်။

၎. ရာဟမ်စတာလင် (မန်စီးတီး)

မန်စီးတီးအသင်း ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ စတာလင်ရဲ့ စွမ်းဆောင်ရည်က အဓိက ကျခဲ့ပါတယ်။ PFA ဆုအတွက် လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ျ နဲ့အပြိုင် ရေပန်းစားခဲ့တဲ့ စတာလင်ဟာ အဆင့်၎နေရာမှာသာ ရပ်တည်နိုင်ခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။ ဂွာဒီယိုလာရဲ့အသင်းမှာ ၃၄ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး ၁၇ဂိုးသွင်း ၊ ၁၀ဂိုးဖန်တီးပေးထားနိုင်ခဲ့တဲ့ စတာလင်ဟာ မန်စီးတီးကို ဖလားသုံးလုံးဆွတ်ခူးနိုင်စေဖို့ FA ဖလားထပ်မံ ရယူပေးနိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

၃. ဆာဒီယိုမာနေး (လီဗာပူး)

ဆာလတ် ၊ အူဘာမီယန်တို့နဲ့အပြိုင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို သွင်းဂိုး ၂၂ဂိုး နဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ လီဗာပူးတောင်ပံကစားသမား မာနေးဟာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး အသင်းမှာလည်း ပါဝင်နိုင်ခဲ့သူပါ။ ကလော့ပ်ရဲ့ အသင်းကို စံချိန်တင် ရမှတ် ၉၇မှတ်ထိ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း မန်စီးတီးအသင်းရဲ့နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပံကစားသမားဖြစ်ပေမယ့်လည်း ခေါင်းတိုက်သွင်းဂိုးတွေပါ မကြာခဏ ရယူလေ့ရှိသူလည်း ဖြစ်ပါတယ်။

၂. မိုဟာမက် ဆာလတ် (လီဗာပူး)

ပြီးခဲ့တဲ့နှစ်က ၃၂ဂိုးသွင်းပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိထားခဲ့တဲ့ ဆာလတ်ဟာ ဒီရာသီမှာလည်း ၂၂ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုကို ၂ရာသီဆက် သိမ်းပိုက်ကာ ဝေဖန်သူတွေကို အသံတိတ်စေခဲ့ပါတယ်။ ဂိုးဖန်တီးမှု ၈ကြိမ်အပါအဝင် လီဗာပူးအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ဆာလတ်ဟာ ၂နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိအောင် ပို့ဆောင်ထားနိုင်ခဲ့ပြန်ပါသေးတယ်။

၁. အီဒင်ဟာဇက် (ချယ်လ်ဆီး)

လက်ရှိပရီးမီးယားလိဂ်မှာ ကစားနေတဲ့ တောင်ပံကစားသမားတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ အီဒင်ဟာဇက်ဟာ ချယ်လ်ဆီးအသင်းအတွက် ၁၆ဂိုးသွင်းပြီး ၁၅ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဂိုးဖန်တီးသူဆုကိုလည်း ရရှိခဲ့တဲ့ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကို တစ်ကျော့ပြန် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားရုံသာမက ယူရိုပါလိဂ် ဗိုလ်လုပွဲကိုလည်း ပို့ဆောင်ပေးထား နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လာမယ့်ရာသီမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းထံ ရောက်ရှိဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကာ ချယ်လ်ဆီးအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမားကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အရေးတကြီးလိုအပ်နေတာလည်း ဖြစ်ပါတယ်။

REF : sportskeeda
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။