2019 Ballon d'Or ဆုကို မက်ဆီပဲ ရလိမ့်မယ်လို့ အဂူရိုပြောကြား

Posted on - May 15 []

Htoo Yan Ag

စာရေးသူ

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယိုအဂူရိုဟာ လာမယ့် 2019 Ballon d'Or ဆုပေးပွဲမှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီကပဲ ရမှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ယခုနှစ် Ballon d'Or ဆုအတွက် ဗန်ဒိုက်ခ်ျ ၊ ရော်နယ်လ်ဒို ၊ အမ်ဘက်ပီ တို့နဲ့အပြိုင် ရေပန်းစားနေတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားများ ဖြစ်ကြပြီး Ballon d'Or ဆုကို နောက်ဆုံး ၁၁နှစ်အတွင်း ၅ကြိမ်စီ သိမ်းပိုက်ထားခဲ့ ကြတာပါ။ ပြီးခဲ့တဲ့နှစ်မှာသာ ခရိုအေးရှား ကွင်းလယ်လူ လူကာမိုဒရစ်က သူတို့နှစ်ဦးကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း အရေးပါတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လီဗာပူးအသင်းရဲ့ comeback ခြင်းကို ခံလိုက်ရကာ ဆီမီးဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။

ဒါပေမယ့်လည်း မက်ဆီဟာ ပြိုင်ပွဲစုံသွင်းဂိုး ၄၈ဂိုးအထိ ရယူထားကာ ဥရောပရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်ကိုပါဒယ်ရေးဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ကို ပို့ဆောင်ပေးထားနိုင်ခဲ့ပြီး ဗလင်စီယာအသင်းကို အနိုင်ရရှိခဲ့ပါက မက်ဆီဟာ ဖလား၂လုံး ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

အဂူရိုက " ကျွန်တော်က အကောင်းဆုံးနဲ့ အရှင်းလင်းဆုံးပဲ ပြောချင်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲက မက်ဆီနဲ့ မဆိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို Ballon d'Or ဆုအကြောင်း လာမေးရင် အမြဲတမ်းလိုလို တစ်ခွန်းတည်းဖြေလေ့ရှိပါတယ်။ မက်ဆီဘောလုံးကစားနေသမျှ ကာလပတ်လုံး Ballon d'Or ဆုဟာ မက်ဆီနဲ့ပဲ ထိုက်တန်ပါတယ်။ ဒီနှစ်လည်း မက်ဆီပဲ ရမှာပါ။ " လို့ အဂူရိုက အာဂျင်တီးနားအသင်းဖော်ကို သူ့ရဲ့ ကိုယ်ပိုင် Twitter အကောင့်ကနေတစ်ဆင့် ချီးကျူး ရေးသားသွားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ပြိုင်ဘက် ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၈ကြိမ်ဆက် စတူဒက်တိုဖလားကို အရယူပေးခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၂၆ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း 2019 Ballon d'Or ဆုရရှိဖို့ မက်ဆီကသာ ထိပ်ဆုံးကနေ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။