f(x) အဖွဲ့ဝင် ၄ ယောက်လုံး အတူတူပါဝင်ဖျော်ဖြေဖို့ အလားအလာရှိတဲ့ SMTOWN Live Concert

Posted on - May 15 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Idol ပေါင်းများစွာကို မွေးထုတ်ပေးထားတဲ့ SM Entertainment ဟာ နှစ်စဉ်ဆိုသလို ကုမ္ပဏီရဲ့ Idol တွေကို စုစည်းကာ World Concert ကြီးကို ပြုလုပ်လေ့ရှိပါတယ်။ အခုဆိုရင်တော့ ဒီနှစ်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်မယ့် Concert အတွက် ပိုစတာဟာဆိုရင်လည်း ထွက်ရှိလို့လာပါပြီ။

ပါဝင်ဖျော်ဖြေကြမယ့် Idol တွေရဲ့ ပုံတွေနဲ့ ပြုလုပ်ထားတဲ့ ပိုစတာဖြစ်တယ်ဆိုပေမယ့်လည်း ထိုပိုစတာဟာ SM ရဲ့ ပရိသတ်တွေ အထူးသဖြင့် f(x) ရဲ့ ပရိသတ်တွေအတွက်တော့ ကျေနပ်စရာကောင်းတဲ့ပုံလေးတစ်ပုံ ဖြစ်လို့နေပါတယ်။

အဲဒါကတော့ အဖွဲ့ဝင် ၄ ယောက်လုံးရိုက်ကူးထားတဲ့ f(x) ရဲ့ပုံဟာ ပိုစတာမှာပါဝင်နေတာကြောင့်ပါပဲ။ SM ဟာ Concert မှာ ဖျော်ဖြေကြမယ့် Idol တွေရဲ့ပုံတွေကိုပဲ ပရိုမိုးရှင်းပိုစတာတွေမှာ ထည့်သွင်းတတ်ကာ ရှေ့နှစ်ပိုင်းတွေတုန်းကဆိုရင် f(x) ဆိုတာကို Amber နဲ့ Luna တို့ပုံတွေနဲ့ပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

f(x) ဟာ ၂၀၀၉ ခုနှစ်တုန်းက အဖွဲ့ဝင် (၅) ယောက်နဲ့အတူ စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိထားခဲ့ကာ နာမည်ကြီး Kpop အဖွဲ့တွေရဲ့စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အဖွဲ့ဝင်ဖြစ်သူ Sulli ဟာ သရုပ်ဆောင်ဘက်ကို အခြေချချင်တာကြောင့် အဖွဲ့ကနေ ထွက်ခွာသွားခဲ့ပြီး အဖွဲ့ဝင် ၄ ယောက်နဲ့ပဲ ဆက်လက်လှုပ်ရှားကာ "4Walls" အယ်လ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ အဖွဲ့လိုက်လှုပ်ရှားခဲ့ကြပေမယ့်လည်း အဲဒီနောက်ပိုင်းမှာတော့ အဖွဲ့ဝင် ၄ ယောက်လုံးဟာ တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကိုလုပ်ခဲ့တာကြောင့် အဖွဲ့ဝင်အားလုံးကို အတူတူဆုံပြီးမတွေ့ခွင့်မရခဲ့တာ ဒီနေ့အချိန်ထိပါပဲ။

ဒါပေမယ့်လည်း အခု SM ကနေ ထွက်ရှိလာတဲ့ SMTOWN Live အတွက် ပိုစတာမှာ ၄ ယောက်လုံးပါဝင်နေတာကြောင့် f(x) ကို အတူတူမြင်တွေ့ချင်ကြတဲ့ ပရိသတ်တွေအတွက်ကတော့ တကယ်ကို ၀မ်းသာစရာသတင်းလေးပါပဲ။ တချို့ပရိသတ်တွေကတော့ f(x) ဟာ ပွဲထွက်သက်တမ်း ၁၀ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ Comeback Album တောင် ထွက်ရှိလာမယ်လို့ ယုံကြည်ထားကြပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် အဆိုပါ SMTOWN Live Concert ဟာ အခု ၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။