ဘာစီလိုနာအသင်းရဲ့ လာမယ့်ရာသီ ဖြစ်နိုင်ချေရှိတဲ့ ပွဲထွက်ကစားသမား (၁၁)ယောက်

Posted on - May 16 []

Htoo Yan Ag

စာရေးသူ

ယမန်နေ့က အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်တိုနီယို ဂရစ်ဇ်မန်းဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေငြာအပြီးမှာ ဘာစီလိုနာအသင်းထံ ရောက်ရှိဖို့ ပိုမို နီးစပ်လာခဲ့ပါတယ်။ အသက်၂၈နှစ်အရွယ် ကစားသမားဟာ အက်သလက်တီကိုအသင်းအတွက် ၂၅၆ပွဲကစားပြီး ၁၃၃ဂိုးထိ သွင်းယူပေးနိုင်ခဲ့ကာ လာမယ့်ရာသီမှာတော့ စိန်ခေါ်မှု အသစ်တွေကို ရှာဖွေသွားတော့မှာပဲ ဖြစ်ပါတယ်။

" ဒီ၅နှစ်တာ ကာလဟာ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပါပဲ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အက်သလက်တီကိုဆိုတာ ကျွန်တော့်နှလုံးသားထဲမှာ ထာဝရ ရှိနေမှာပါ။ " လို့ ဂရစ်ဇ်မန်းဟာ သူ့ရဲ့ ကိုယ်ပိုင် Twiter အကောင့်ကနေတစ်ဆင့် ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။ BBC သတင်းဌာနကတော့ ဂရစ်ဇ်မန်းဟာ ယူရိုသန်း ၁၂၀နဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ပြီး ၅နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြထားခဲ့တာပါ။

ဗယ်လ်ဗာဒီရဲ့အသင်းဟာ အေဂျက်ဇ်အသင်းရဲ့ နယ်သာလန် လူငယ်ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကိုလည်း ယူရို၇၅သန်းနဲ့ ခေါ်ယူထားခဲ့တာကြောင့် ဂရစ်ဇ်မန်းသာ ရောက်ရှိလာပါက ဥရောပမှာ လူအင်အား အတောင့်တင်းဆုံးအသင်းအဖြစ် မန်စီးတီး ၊ လီဗာပူး ၊ ဂျူဗင်တပ်စ် ၊ PSG စတဲ့ အသင်းတွေထက် နှာတစ်ဖျားသာသွားတော့မှာ ဖြစ်ပါတယ်။ ဗယ်လ်ဗာဒီရဲ့ ၄-၃-၃ ကစားကွက်မှာ လာမယ့်ရာသီအတွက် ဖြစ်နိုင်ချေ ပွဲထွက် ကစားသမားစာရင်းကို အခုလိုပဲ ၂မျိုးခွဲပြီး တွေ့ရပါတယ်။

ဂိုးသမားနေရာမှာတော့ ပြောင်းလဲမှုရှိမှာ မဟုတ်ပေမယ့် နောက်တန်းမှာတော့ အေဂျက်ဇ်အသင်းကနေ ဒီဂျောင်နဲ့အတူ ပြောင်းရွှေ့လာနိုင်ချေရှိတဲ့ ဒီလစ်ဂ်ျကို ဝါရင့်နောက်ခံလူ ပီကေးနဲ့ တွဲဖက်ပြီး အယ်လ်ဘာ ၊ ဆီမီဒို တို့နဲ့ ပွဲထွက်လာနိုင်သလို အရေးမပါတဲ့ ပွဲစဉ်အချို့မှာတော့ အမ်တီတီ ၊ လန်ဂ်လတ် ၊ အယ်လ်ဘာ ၊ ရော်ဘတ်တိုတို့ကို ဗယ်ဗာဒီအနေနဲ့ ရွေးချယ်လို့ ရပါတယ်။ လာမယ့်ရာသီမှာ ဆက်ရှိဖို့ မသေချာတဲ့ ရာကီတစ်ကြောင့် လူစာရင်းပြောင်းလဲသွားနိုင်ပြီး သူ့နေရာမှာ ဒီဂျောင် သေချာပေါက် ပွဲထွက်ခွင့် ရလာမှာပါ။ ဘက်စ်ကွက်ဇ် ၊ ဒီဂျောင် ၊ အာသာ ကွင်းလယ်ကို မြင်တွေ့ရဖို့ရှိပြီး အသင်းကြီးအချင်းချင်း ပညာပြိုင်တဲ့ ပွဲမျိုးမှာတော့ ဒီဂျောင် ၊ ဗီဒယ်လ် ၊ ရာကီတစ် ကွင်းလယ်ကို ပွဲထုတ်လာနိုင်ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ တိုက်စစ်ပါပဲ။ ဂရစ်ဇ်မန်းရောက်ရှိလာမယ်ဆိုရင် သူနဲ့အတူ မက်ဆီက သေချာပေါက် ပွဲထွက်ခွင့် ရရှိမှာဖြစ်ပြီး တိုက်စစ်မှူး နောက်ထပ် တစ်ဦးသာ ဗယ်လ်ဗာဒီအနေနဲ့ ထပ်သုံးလို့ ရမှာလည်း ဖြစ်ပါတယ်။ မက်ဆီနဲ့ ဂရစ်ဇ်မန်းကို တောင်ပံ တစ်ဖက်စီမှာထားမယ်ဆိုရင်တော့ အထောင်တိုက်စစ်မှူးအဖြစ် ဆွာရက်ဇ်ကို အသုံးပြုမှာဖြစ်ပြီး ဂရစ်ဇ်မန်း ကို မက်ဆီရဲ့ ရှေ့မှာ false 9 ပုံစံအသုံးပြုမယ်ဆိုရင်တော့ အခြား တောင်ပံတစ်ဖက်မှာ ဒမ်ဘီလီ (သို့မဟုတ်) ကော်တင်ဟိုကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ ဂရစ်ဇ်မန်းလို တိုက်စစ်မှူးကို အမှန်တကယ် လိုအပ်နေပါတယ်။ ယခုနှစ် ချန်ပီယံလိဂ်မှာ ဘာစီလိုနာအနေနဲ့ ပွဲတိုင်းလိုလို ဒီလူစာရင်း ၊ ဒီကစားကွက်ကိုပဲ စွဲစွဲမြဲမြဲ အသုံးပြုနေတာကြောင့် ပြိုင်ဘက်တွေက အားနည်းချက်တွေကို တဖြည်းဖြည်းနဲ့ ရိပ်မိလာခဲ့တာပါ။ ဒါ့ကြောင့် ဗယ်လ်ဗာဒီအနေနဲ့ နည်းဗျူဟာအပြောင်းအလဲ များစွာ ပြုလုပ်လို့ရတဲ့ လာမယ့်ရာသီမှာတော့ ဥရောပမှာ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်မှုတွေ ရှာဖွေသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

REF : sportbible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။