ရာသီသစ်မှာ ယူနိုက်တက်တို့ မဖြစ်မနေ ရောင်းချသွားရမယ့် ကစားသမား၅ယောက်

Posted on - May 20 []

Htoo Yan Ag

စာရေးသူ

ပရီးမီးယားလိဂ် နွေရာသီအပြောင်းအရွှေ့ကာလကို ဖွင့်လှစ်လိုက်ချိန်မှာတော့ အလုပ်အများဆုံးအသင်းဖြစ်လာမှာကတော့ ယူနိုက်တက်ပါပဲ။ ဒီရာသီမှာ ဖလားအောင်မြင်မှု တစ်ခုမှ မရရှိခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့တာကြောင့် ယူနိုက်တက်တို့ ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖက်ကို ပြန်လည် အာရုံစိုက်ဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းမှာ မဖြစ်မနေ ရောင်းချသွားရမယ့် ကစားသမား ၅ယောက်ကတော့...

၁. စမောလင်း

ဖာဒီနန် ၊ ဗီဒစ်တို့ရဲ့ နေရာကို အစားထိုးဖို့ နည်းပြကြီး ဖာဂူဆန်ကိုယ်တိုင် ၂၀၁၀ခုနှစ်မှာ ခေါ်ယူခဲ့ပေမယ့်လည်း သူ့ရဲ့စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။ အသင်းမှာ ၉နှစ်ကြာ ကစားခဲ့ပြီး ဝါရင့်ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် နည်းပြဆိုးလ်ရှားရဲ့ ပုံမှန်ပွဲထွက်လူစာရင်းမှာ လင်ဒီလော့ဖ်နဲ့တွဲဖက်ပြီး ပါဝင်ခွင့် ရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပေးဂိုး၅၄ဂိုး အထိ ခွင့်ပြုပေးခဲ့ရကာ သမိုင်းကြောင်းတစ်လျှောက် ပေးဂိုးအများဆုံး ရာသီတစ်ခုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ရာသီသစ်မှာတော့ စမောလင်းနေရာမှာ လူငယ်အကယ်ဒမီကစားသမား တွမ်ဇီဘီကို အသုံးပြုသွားဖို့ ရှိနေပါတယ်။

၂. ဖီးဂျုံးစ်

ယူနိုက်တက်ရဲ့ အဓိက အားနည်းချက်တစ်ခုဖြစ်တဲ့ ခံစစ်ကြောင်းမှာ ဖီးဂျုံးစ်ဟာလည်း စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သူ ဖြစ်ပါတယ်။ စမောလင်း ၊ လင်ဒီလော့ဖ်တို့ရဲ့ နောက်မှာသာ ပွဲထွက်ခွင့် ရခဲ့ပေမယ့်လည်း ပါဝင်ကစားခွင့်ရတဲ့ ပွဲတွေမှာ မထင်ရင်မထင်သလို own goal တွေ သွင်းယူလေ့ရှိတာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ အများဆုံး ရင်ဆိုင်ရသူပါ။ ၂၀၁၁ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တဲ့ အသက်၂၇နှစ်အရွယ် ဖီးဂျုံးစ်ဟာ ယူနိုက်တက်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် သူ့ရဲ့ သံသယဖြစ်စရာကောင်းလှတဲ့ စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက်တို့ ရောင်းချသင့်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

၃. လင်ဂတ်

၂၀၁၄-၁၅ ဘောလုံးရာသီမှာ လူးဝစ်ဗန်ဟားလ်ရဲ့ နေရာပေးမှုကြောင့် ပွဲထွက်ခွင့်ရလာခဲ့တဲ့ ဂျီဆီလင်ဂတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခံထားရသူပါ။ မြက်ခင်းပြင်ပေါ်မှာ ကြိုးကြိုးစားစား ကစားလေ့ရှိတဲ့ လင်ဂတ်ရဲ့ အဓိကအားနည်းချက်တော့ final third zone ထဲရောက်ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာပါပဲ။ သူ့ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘောလုံးဆုံးရှုံးမှုတွေများပြားခဲ့ရပြီး ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာလည်း လင်ဂတ်ထက်ပိုမို အရည်အသွေးပြည့်ဝတဲ့ ကစားသမားကောင်းတွေ လိုအပ်နေပါတယ်။

၎. လူကာကူ

၂၀၁၇ ခုနှစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ စစရောက်ချင်း ရာသီမှာတော့ ၂၇ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ၁၅ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အထောင်တိုက်စစ်မှူး တစ်ယောက်အနေနဲ့ အပိုင်အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ခြင်းမရှိပဲ ယခုရာသီရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုအများဆုံး ကစားသမားအဖြစ် ၁၅ကြိမ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဘောလုံးအထိန်းအသိမ်းပိုင်းမှာလည်း ညံ့ဖျင်းတဲ့ လူကာကူကို ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာ ထုတ်ရောင်းသွားမယ်ဆိုရင်တော့ သိပ်အံသြစရာ မရှိပါဘူး။

၅. ဆန်းချက်ဇ်

ယူနိုက်တက်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကစားသမား ခေါ်ယူမှုလို့တောင် သတ်မှတ်ခြင်း ခံထားရတဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူပါ။ ယူနိုက်တက်ရဲ့ အစဉ်အလာ ကျောနံပါတ် ၇ကို ဝတ်ဆင်ခွင့်ရခဲ့တဲ့အထိ မျှော်လင့်ခြင်း ခံခဲ့ရပေမယ့်လည်း အသင်းမှာ လောက်လောက်လားလား ခြေစွမ်းကောင်း ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။ အချိန်ပြည့် ဒဏ်ရာပြသနာတွေနဲ့သာ နပန်းလုံးနေခဲ့ရပြီး ပါဝင်ကစားခွင့်ရတဲ့ အခိုက်အတန့်တွေမှာလည်း ပုံမှန်ခြေစွမ်းရဖို့တောင် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီသစ်မှာ ဆန်းချက်ဇ်ကို ယူနိုက်တက်ဂျာစီသစ်နဲ့ မြင်တွေ့ရဖို့ အခွင့်အရေးနည်းပါးနေပါတယ်။

REF : sportskeeda
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။